- Web Master
- ၁၂ ဇန်နဝါရီ ၂၀၂၁
ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၂၇၊ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုန်သာချောင်း၊ ကုလားမတောင်ကျေးရွာအနီး တောင်တန်းများပေါ်၌ ယနေ့ နံနက် ၇ နာရီကျော်ခန့်က စတင်ပြီး မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ကျေးရွာသားများ ရွာကို စွန့်ခွာထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။
တိုက်ပွဲကြောင့် အိမ်ခြေ ၄ဝဝ ကျော်ခန့်ရှိသည့် ကုလာမတောင်မှ ကျေးရွာသားများသည် ရွာကို စွန့်ခွာပြီး ထွက်ပြေးနေကြသည်ဟု ကျေးရွာလူကြီး တစ်ဦးက ပြောသည်။
“ တိုက်ပွဲက မနက် ၇ နာရီကျော် ၈ နာရီလောက်မှာ စကြားရပါတယ်။ တိုက်ပွဲက တော်တော်ပြင်းပါတယ်။ နံနက် ၁ဝ နာရီကျော်၊ ၁၁ နာရီလောက်မှာ သေနတ်သံတွေ ရပ်တန့်သွားပါတယ်။ အခုရွာက မိန်းမ၊ ကလေး လူတွေအကုန်လုံး ထွက်ပြေးကုန်ပါပြီ။ သက်ကြီးရွယ်အိုတွေလောက်ဘဲ ရွာမှာ ကျန်ပါတယ်” ဟု ၎င်းက လူကြီးက ပြောကြားသည်။
စုစုပေါင်း ထွက်ပြေးသည့် ကျေးရွာသား အရေအတွက်မှာ ၁ဝဝဝ ခန့်ရှိပြီး အနီးအနားရှိ ကျေးရွာများကိုသာမက မင်းပြားမြို့ပေါ်ထိ ထွက်ပြေးနေကြကြောင်း၊ ယခုတိုက်ပွဲမှာ ကုလားမတောင်အနီး ပထမဆုံးဖြစ်ပွားခြင်း ဖြစ်ကြောင်း၊ အဆိုပါကျေးရွာနှင့် တိုက်ပွဲဖြစ်ပွားသောနေရာမှာ ၅ ဖာလုံခန့်ဝေးကြောင်း၊ ရွာအနီး လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုရှိကြောင်း ၎င်းက ပြောဆိုသည်။
ကုလားမတောင်ကျေးရွာမှ အမျိုးသမီး တစ်ဦးက “လက်နက်ကြီး၊ လက်နက်ငယ်တွေအသံပါ။ ရွာကလူတွေလည်း ကြောက်လို့ ထွက်ပြေး နေကြပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေပါတယ်။ အခုထိ မရပ်သေးဘူး ။ ရွာမှာလည်း လူကြီးတောင်မရှိတော့ဘူး။ ကျေးရွာသူ၊သားတွေက စိုးရိမ်ကြောက်လန့်ပြီး အနီးအနားရှိကျေးရွာတွေကို အကုန်ပြေး ကုန်ကြပြီ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ရက္ခိုင့်တပ်တော် (AA) မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခသို့ ဆက်သွယ်စဉ် သူက “တိုက်ပွဲဖြစ်နေတာကို အတည်ယူလို့ ရပါတယ်။ အခြေနေကိုတော့ ပြောလို့မရသေးပါဘူး။ အခုက တိုက်နေကြတုန်းပဲ ရှိပါသေးတယ်။ မပြီးသေးဘူးပေါ့ ”ဟု ယနေ့ နံနက် ၁ဝ နာရီက ဆက်သွယ်မေးမြန်းစဉ် နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး၏ သဘောထားအားသိလို၍ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းဖြေဆိုရန် မအားသေးကြောင်း ပြောသည်။
စစ်ကူများ နောက်ထပ်လာနေသည်ဟု သတင်းရသဖြင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်သည်ဟု ၎င်းတို့က ပြောကြားသည်။
ဘူးသီးတောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင်လည်း ဇူလိုင်လ ၂၆ရက်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ထားသည်။