သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသူ မြိုအမျိုးသမီးနှစ်ဦးကို လိုက်ရှာသည့် ရဲအရာရှိတစ်ဦးဆင်ရိုင်းနှင်းသတ်၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 1.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ မတ်လ ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၁)၊ ရဲအောင်အုပ်စု၊ ဘောက်ရွာမှ ပျောက်ဆုံးနေသူ မြိုတိုင်းရင်းသူနှစ်ဦးအား လိုက်ရှာနေသည့် နယ်ခြားစောင့်တပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး တောဆင်ရိုင်း နင်းသတ်၍ သေဆုံးသွားခဲ့သည်ဟု သိရသည်။

၎င်းသေဆုံးသွားသူမှာ မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ်(၁) နယ်မြေ၊ အောင်သပြေစခန်းမှ ဒုရဲအုပ် ကျော်ဦးလှိုင်ဟု သိရသည်။

၎င်းသည် မတ်လ ၁၃ ရက်နေ့က ရွာအနီးရှိ တောင်ယာသို့ သွားသည့် ဘောက်ရွာမှ မြိုတိုင်းရင်းသူ အမျိုးသမီးငယ် တစ်ဦး အသတ်ခံရပြီး နောက်နှစ်ဦးပျောက်ဆုံးနေသဖြင့် ကျေးရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များလိုက်ရှာစဉ် လူစုကွဲကာ ပျောက်ကျန်နေခဲ့ပြီး နောက်ပိုင်း ဆင်းရိုင်း နင်းသတ်ခံခဲ့ရသည်ဟု ဘောက်ရွာ မြိုတိုင်းရင်းသား အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

“ သူ့အလောင်းကို မတ်လ ၁၅ ရက်နေ့က ပြန်တွေ့တာပါ။ ဆင်ရိုင်းနင်းသတ်ပီး သေသွားတာ မှန်ပါတယ်။ သူ့အသုံးဆောင်ပစ္စည်းတွေ အကုန်လုံး ပြန်တွေ့ပါတယ်။ လူစုကွဲကျန်နေခဲ့ပီး အခုလို ဖြစ်သွားတာပါ” ဟု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောကြားသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကလည်း နယ်ခြားစောင့်ရဲအရာရှိ တစ်ဦး သေဆုံးသွားကြောင်းကို အတည်ပြုပြောကြားသည်။

“ အဲဒီနေရာတွေက နယ်စပ်ဆိုတော့ ဟိုဘက်ဒီဘက် အဝင်အထွက်ရှိတယ်။ ဒီလ ၁၃ ရက်နေ့က မြိုအမျိုးသမီးတစ်ဦး လည်လှီးအသတ်ခံရတယ်။ ကျန်နှစ်ယောက်က ပျောက်နေတယ်။ ပျောက်နေတဲ့ မြိုအမျိုးသမီးနှစ်ဦးကို လိုက်ရှာရင်း နယ်ခြားစောင့်က ရဲအရာရှိ တစ်ဦး ထပ်ပျောက်တယ်။ ဟိုတစ်နေ့က အဲဒီအရာရှိအလောင်းကို ပြန်တွေ့တယ်။ ကျွန်တော်က ဒီလောက်ဘဲ ပြောလို့ရမယ်။ အသေးစိတ်ကတော့ ရဲနဲ့ဆိုင်တော့ ကျွန်တော်လည်း တိတိကျကျမပြောနိုင်ပါ” ဟု ပြောဆိုသည်။

ယခုလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်က ဘင်္ဂလာ-မြန်မာနယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၁)၊ ရဲအောင်အုပ်စု ဘောက်ရွာမှ အမျိုးသမီး သုံးဦး အနီးအနားရှိ တောင်ယာသို့ ငရုတ်သီးခူးရန် သွားစဉ် အသက် (၁၇) အရွယ် မြိုအမျိုးသမီး မဆောင်သောင်း အသတ်ခံရပြီး နောက်ထပ် အမျိုးသမီးနှစ်ဦးဖြစ်သူ  ဒေါ်တောင်ရူ (၄ဝ) နှစ်၊ မဆောင်လုံ (၂ဝ) နှစ်ဦးတို့ ပျောက်ဆုံးသွားခဲ့သည်။

၎င်းအမျိုးသမီးနှစ်ဦးကို ယနေ့ထိ ရှာမတွေ့သေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ယနေ့ ညနေ ၃ နာရီက ဖုန်းဆက်ပြောကြားသည်။

-----------------------------------------


နိရဉ်စရာ၊ မတျလ ၁၇/၂ဝ၂ဝ











ဆက်စပ် သတင်းများ