သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

သံတွဲမြို့တွင် ရခိုင်အမျိုးသားနေ့ ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ထက်အောင်

နိရဉ္စရာ၊ မေ ၂၆/ ၂၀၂၁

ယနေ့တွင် ကျရောက်သည့် (၈) နှစ်မြောက် ခိုင်အမျိုးသားနေ့ကို သံတွဲ့မြို့တွင် ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့ ဒွာရာဝတီမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ရခိုင်အမျိုးသားနေ့နှင့် ပတ်သက်ပြီး သံတွဲမြို့ ရခိုင်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်မိမိခိုင်က ကျမတို့က ရခိုင်လူမျိုးတွေဖြစ်တဲ့အတွက် ဒီရခိုင်အမျိုးသားနေ့ဆိုတာကို ကျောက်ဖြူညီလာခံမှာတုန်းက ဒီနေ့ ဆိုတာကို သတ်မှတ်ထားတယ်ဆိုတာ ကျမတို့ကသိတယ်။ ဒါပေမယ့် ရခိုင်အမျိုးသားနေ့ဆိုတာ ဒီလိုသတ်မှတ်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း လူတိုင်းမသိဘူး။  ဒါကြောင့် သိစေချင်တယ်။ ကျမတို့နေတာ သံတွဲဆိုပေမယ့် ရခိုင်ပြည်နယ် ထဲမှာနေကြတာလေ။ ရခိုင်လူမျိုးအများဆုံး နေထိုင်တဲ့ မြို့လည်းဖြစ်တယ်။ရခိုင်လူမျိုးတွေအများစု နေထိုင်တဲ့ဒီမြို့မှာ ကိုယ့်အမျိုးသားနေ့ကိုသိစေချင်တယ်။ ရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားနေ့ ဆိုတာရှိတယ်။ မြို့တော်ခန်းမမှာ အမျိုးသားနေ့ ကျင်းပဖြစ်တယ်ဆိုတာ လူတွေသိသွားစေတာပေါ့။ အခြားလူမျိုးတွေမှာ အမျိုးသားနေ့ရှိသလို ကျမတို့ ရခိုင်လူမျိုးမှာလည်း အမျိုးသားနေ့ရှိတ ယ်ဆိုတာကို လူအများသိစေချင်တဲ့စိတ်နဲ့ ဒီအမျိုးသားနေ့ကို ကျင်းဖြစ်တာပါ။ဟု ဆိုသည်။

သံတွဲမြို့မှာပြုလုပ်သည့် ရခိုင်အမျိုးသားနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ခရိုင်၊မြို့နယ် တာဝန်ရှိသူများ၊ ပြည်ထဲရေးဌာနမှ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရခိုင်အမျိုးသားရေးတက်ကြွလှုပ်ရှားသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

ရခိုင်အမျိုးသားနေ့ ရောက်တိုင်းရောက်တိုင်းကို ရခိုင်အမျိုးသားနေ့ဆိုတဲ့အထိမ်းအမှတ်နဲ့ ကျင်းပဖို့ဆန္ဒလည်းရှိတယ်။ ရည်ရွယ်ချက်လည်းရှိတယ်။ တစ်ခါအခွင့်သင့်လို့ လုပ်ခွင့်ရမယ်ဆိုရင်တော့ ဒီပွဲလေးကို နှစ်စဉ်ကျင်းပချင်ပါတယ်။ လွန်ခဲ့တဲ့  နှစ်တွေကတော့ သံတွဲမြို့ပေါ်မှာလုပ်ခဲ့တာမရှိဘူး။ ဒီနှစ်မှာပဲ စလုပ်တာသူမက ဆက်လက် ပြောသည်။

သံတွဲမြို့ပေါ်မှာ လွန်ခဲ့သည့် နှစ်များကမကျင်းပဖြစ်သော်လည်း ပြီးခဲ့သော ၂၀၁၄ ခုနှစ် ကျောက်ဖြူညီလာခံအပြီးတွင်  သံတွဲမြို့နယ် ဂျိတ္တော၊ ပုလဲရတနာဘုန်းတော်ကြီး ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

သံတွဲမြို့မှာ ယနေ့ပြုလုပ်သည့် ရခိုင်အမျိုးသားနေ့ကို နံနက် ၉ နာရီမှ စ၍ နေ့လည် ၁၁ နာရီကျော်အထိ (၂) နာရီကျော်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားနေ့ကို ၂၀၁၄ ခုနှစ်က ကျောက်ဖြူတွင် ပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံတွင် မဟာမုနိရုပ်ရှင်တော်မြတ်ကို ဘုရားသွန်းလောင်းပြီးစီးခဲ့သည့် ကဆုန်လပြည့်ကျော်တစ်ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ရာမှ နှစ်စဉ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ်ကျင်းပကြသည်ဟု သိရှိရသည်။

 Photo-ဇွဲထက်မာန်

ဆက်စပ် သတင်းများ