စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

ဂွမြို့နယ်မြောက်ပိုင်း ကြွေချိုင်က အမြောက်တပ် ၃မိုင်အကွာသို့ နောက်ဆုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၄ / ၂၀၂၄

ရခိုင်ပြည်၊ ဂွမြို့ ကြွေချိုင်ကမ်းခြေတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ အမြောက်တပ်သည် အာရက္ခတပ်တော် ( AA) ထိုးစစ် နီးကပ်လာသဖြင့် ယနေ့ တပ်ဆုတ်သွားပြီဟု သတင်း ရရှိသည်။

ယနေ့ အောက်တိုဘာ ၄ ရက်တွင် ကြွေချိုင်ကမ်းခြေက စစ်ကောင်စီအမြောက်တပ်သည် တောင်ဘက်  ၃ မိုင်ခန့်အကွာ တိုင်ကျိုးကျေးရွာအနီးရှိ ပုဂံတောင်တံတားအနီးထိ နောက်ဆုတ်သွားပြီး ပုဂံတောင်ဘုရာတောင်ကုန်းပေါ်တွင် ဆက်လက် တပ်စွဲထားသည်ဟု သိရသည်။

ဒေသခံအမျိုးသားတစ်ဦးက “မနေ့ကညပိုင်းအထိ ပစ်ခတ်သံတွေဆူညံနေတာပဲ။ အခု ကိုင်းခုံဖက်ကလည်း အေအေက တက်လာတယ်။ ဘဝင်ဖက်ကလည်း လှမ်းပစ်နေတော့ ကုလားပြင်က စစ်တပ်က လှုပ်လာပြီ။ ပြေးဖို့အသင့်ပြင်ထားတယ်။ တိုက်ပွဲက ကုလားပြင်ကို ကျော်ပြီး  ဘဲအင်း၊ ဒယ်ဘုတ်အကျော်ထိ ရောက်လာတယ်။ ကြွေချိုင်ကမ်းခြေက စစ်ကောင်စီအမြောက်တပ်ကို ပုဂံတောင် တံတားအနားက တောင်ကုန်းကို နောက်ဆုတ်သွားတယ် ”ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် နေရာများသည် ကျိန္တလီမြို့ကို ကျော်လွန်လာပြီး ဂွမြို့ဘက်သို့ တစ်ဖြည်းဖြည်း နီးကပ်လာသည်ဟု ဆိုသည်။

“ ကြွေချိုင်ကမ်းခြေရှိတဲ့ အမြောက်တပ်က အေအေ ရှေ့တိုးလာတဲ့ အတွက်  နောက်ဆုတ် သွားပေမယ့် ပုဂံတောင် ဘုရားကုန်းတွင် ခံစစ်ပြင်ဆင်ပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့  ကုလားပြင် ဘက်ကို ပစ်ခတ်ဖို့  ပြင်ဆင်နေတယ်။ ကျေးရွာသားတွေ တော်တော်များများက ရွာထဲမှာပိတ်မိနေတဲ့အတွက် စိုးရိမ်စရာတော့ ရှိနေပါတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီ အင်အားအများအပြားဖြင့် အထိုင်ချထားသည့် ဂွမြို့နယ်၊ ကုလားပြင် ကျေးရွာအနီးရှိ ဘဝင်ရွာ၊ ကိုင်းခုံရွာနှင့် ဆားချက်ရွာအနီးတဝိုက်ထိ AA က ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် ယခုရက်ပိုင်းအတွင်းတွင်  တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြော်း ဒေသအတွင်းက စစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

စစ်ကောင်စီဘက်က လေယာဉ်များ အသုံးပြုပြီး ဝေဟင်ကနေ တိုက်ခိုက်နေသလို ပင်လယ်ပြင်ရှိ စစ်ရေယာဉ်များမှလည်း အမြောက်ကြီးများဖြင့် တိုက်ပွဲဖြစ်ရာ အနီးရှိ တောင်တန်းများကို အကြီးအကျယ် လှမ်းထုနေသည်ဟု သိရသည်။




ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!