တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာအနီးရှိ တပ်မတော်အထိုင်ကုန်းကို AA လာရောက်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.4k

နိရဥ္စရာ၊ စက်တင်ဘာ ၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်းတွင် တည်ရှိသည့် ဥယျာဉ်သာကျေးရွာ အရှေ့ဘက်ရှိ တက်မတော်က နေရာယူထားသည့် ကျောင်းတောင် တောင်ကုန်းကို ရက္ခိုင့်တပ်တော် (AA) မှ ယမန်နေ့ ညဉ့်အချိန် ၁၁ နာရီကျော်က လာရောက် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

စည်တောင်ကျေးရွာသို့ ရောက်နေသည့် ဥယျာဉ်သာရွာလူကြီး တစ်ဦးက “ ညဉ့် အချိန် ၁၁ နာရီ မိနစ် ၄ဝ လောက်မှာ စကြားရပါတယ်။ အပြန်အလှန်ပစ်ခတ်သံတွေက ဆူညံနေပါတယ်။ ဥယျာဉ်သာရွာရဲ့ အရှေ့ဘက်က  စခန်းချထားတဲ့ ကျောင်းတောင်ကို လာရောက်တိုက်တယ်လို့ သိရပါတယ်။ အသေးစိတ်တော့ မသိဘူး။ အဲဒီ တိုက်ခိုက်မှုက ၁ နာရီကျော်လောက်ကြာပါတယ်။ လက်နက်ကြီး ပစ်တာကတော့ တစ်ညဉ့်လုံးပဲ။ ဟိုတစ်ချက် ဒီတစ်ချက် မိုးလင်းထိ ကြားနေရပါတယ်” ဟု ပြောကြားသည်။

ညဉ့်အချိန်ဖြစ်သဖြင့် တိုက်ပွဲမှ ထွက်လာသည့် လက်နက်ငယ် လက်နက်ကြီး အသံများကို ဘူးသီးတောင်မြို့ပေါ်နှင့် ရသေ့တောင်မြို့နယ် စေတီပြင်၊ ကျောက်တန်းကျေးရွာတို့ အပြင် နယ်တစ်ခုလုံးမှ ကြားခဲ့ရသည်ဟု ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ ဒီနေ့ မိုးထက ရွာသားတွေနဲ့ ဆက်သွယ်ပြီး မေးကြည့်တော့ ညဉ့် ၁၁ နာရီကျော်မှာ စဖြစ်တယ်လို့ ပြောတယ်။ ညဉ့် ၁ နာရီကျော်လောက်မှာ ရပ်သွားတယ်လို့ သိရပါတယ်။ ဥယျာဉ်သာရွာ အရှေ့ဘက်မှာ ဘုရားတောင်ဆိုတာရှိပါတယ်။ အရင်က စေတီဟောင်းနေရာတောင်ကုန်းပါ။ အဲဒီမှာတပ်မတော်ကနေ စခန်းတွေချ၊ တဲတွေဆောက်ပြီးနေကြတယ်။ အဲဒီစခန်းကို အေအေက လာပစ်တယ်လို့ ကြားရပါတယ်။ အနီးအနားမှာက ဘယ်သူမှ မရှိတဲ့ အတွက် အသေးစိတ်ကိုတော့ သတင်းမရသေးဘူး။ ရွာသားတွေ ပြောတာလောက်ကိုပဲ သိရတာပါ” ဟု ပြောကြားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးကြည့်ရာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း၊ ညဉ့် ၁၁ နာရီကျော်တွင် ဥယျာဉ်သာကျေးရွာ အရှေ့ဘက်ရှိ စေတီဟောင်း တောင်ကုန်းအား အေအေက လာရောက် ပစ်ခတ်သဖြင့် တိုက်ပွဲ ဖြစ်ပွားကြောင်း၊ အထိအခိုက် တစ်စုံတစ်ရာမရှိကြောင်း၊ စခန်းတောင်ကုန်းလည်း ဘာမှ မဖြစ်ကြောင်း ယနေ့နံနက်က နိရဥ္စရာက ဆက်သွယ်စဉ် ပြောကြားသည်။

ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

နွားရုံတောင် ဒေသခံ တစ်ဦးကလည်း တိုက်ပွဲမှာ ညဉ့် ၁၂ နာရီမထိုးခင်က ညဉ့် ၁ နာရီကျော်ထိ ဖြစ်ပွားခဲ့ကြောင်း၊ အစပိုင်းတွင် လက်နက်ငယ်များကြားရပြီး နောက်ပိုင်းတွင် လက်နက်ကြီး အသံများကြားရကြောင်း၊ တိုက်ပွဲ ဖြစ်ပွားသော နေရာမှာ ဥယျာဉ်သာကျေးရွာ အရှေ့ဘက် ၂ ဖာလုံ အကွာတွင် တည်ရှိသည့် ဘုရားတောင်ဟောင်း ဖြစ်ကြောင်း၊ ယခုလက်ရှိ အခြေအနေမှာ ငြိမ်သက်နေကြောင်း ပြောကြားသည်။

၎င်းဥယျာဉ်သာကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ ရွာသားများမှာ လွန်ခဲ့သော သုံးလခန့်ကတည်းက ရွာများကို စွန့်ခွာသွားကြပြီ ဖြစ်သဖြင့် ရွာထဲတွင် လူမရှိတော့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ