သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တိုကျို မြန်မာသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ရခိုင်နှင့်မဟာမိတ်တိုင်းရင်းသားများက အချက်(၅)ချက်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၃ဝ/ ၂ဝ၂ဝ

ဂျပန်နိုင်ငံ၊ တိုကျိမြို့၊ မြန်မာသံရုံးရှေ့တွင် အောက်တိုဘာ ၂၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဂျပန်ရောက် ရခိုင်အမျိုးသားနှင့် မဟာမိတ်တိုင်းရင်းသားများက မြန်မာအစိုးရကို အချက်(၅)ချက် တောင်းဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းတောင်းဆိုချက် (၅) ချက်မှာ မြန်မာ့တပ်မတော်မှ ရခိုင်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများအားရပ်တန့်ရေး၊ ရခိုင်ပြည်နယ်တွင် 4G အင်တာနက် အမြန် ပြန်ဖွင့်ပေးရေး၊ စစ်ဘေးရှောင်ပြည်သူများကို လူသားချင်း စာနာသည့် အထောက်အပံ့များပေးအပ်ရေးနှင့် ၎င်းတို့လုံခြုံစွာနေထိုင်နိုင်ရေးအတွက် ကာကွယ်ပေးရေး၊ စစ်ပွဲများ ရပ်စဲရေး အတွက် ဆန္ဒပြတောင်းဆို၍ ဖမ်းဆီးထောင်ချခံထားရသည့် ကျောင်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ ပြည်တွင်း ပြည်ပ သတင်းထောက်များ ရခိုင်တွင် အားလွတ်လပ်စွာ သတင်းရယူခွင့်ပြုရေးတို့ ဖြစ်ကြသည်။

ရခိုင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (ဂျပန်) (ANDP)မှ ဥက္ကဋ္ဌ ကိုဘုန်းမြင့်က တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရခြင်းမှာ စစ်ပွဲတွေရပ်စဲပြီး ရခိုင်ပြည်သူတွေ ကိုယ့်ကံကြမ္မာကိုဖန်တီးခွင့်ရရှိဖို့အတွက် ဖြစ်ကြောင်း ပြောကြားသည်။

“ဒီဆန္ဒပြပွဲကို လုပ်ရတဲ့ အဓိက ရည်ရွက်ချက်က မြန်မာစစ်တပ်က ရခိုင်ပြည်သူတွေအပေါ် အကြမ်းဖက် တိိုက်ခိုက်မှုတွေ ရပ်စဲရေး၊ ရခိုင်ပြည်နယ်မှာ လူ့အခွင့်ရေးအရ ဆုံးရှုံးမှုဖြစ်နေတဲ့ 4G အင်တာနက် ရရှိရေး၊ နောက်တစ်ခုက စစ်ရပ်စဲရေးအတွက် ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသားတွေ၊ ဖမ်းဆီးခံ ကျောင်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့၊ ရခိုင်ပြည်သူတွေ ကိုယ့်ကံကြမ္မာကို ဖန်တီးခွင့်ရရှိဖို့အတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းတောင်းဆိုချက်များကို ဂျပန်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားတောင်ဆိုခဲ့ကြသည်ဟု ကိုဘုန်းမြင့်က ပြောသည်။

ဆန္ဒဖော်ထုတ်သူ ၈ဝ ခန့်သည် ဆိုင်းဘုတ်များ၊  ဗွီနိုင်းများ၊ အလံများကို အသီးသီးကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်၍ တောင်းဆိုခဲ့ကြသည်။ ထိုအထဲတွင် တရားမျှတမူမရှိသော ရွေးကောက်ပွဲ အလိုမရှိကြောင်းလည်း ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။  

၎င်းဆန္ဒဖော်ထုတ်ပွဲကို ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) ANDP မှ ဦးဆောင်ကာ မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်သော ကချင်တိုင်းရင်းသား အစည်းအရုံး (KNO-J)၊ ကရင်တိုင်းရင်းသား (OKOJ)နှင့် တခြား ပအိုဝ်နှင့် ရှမ်းတိုင်းရင်းသား စုစုပေါင်း ၈ဝ ဦးခန့်က ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ယင်း ဆန္ဒပြပွဲကို ဂျပန် စံတော်ချိန် ယမန်နေ့ ညနေ ၃ နာရီမှ ၄နာရီခွဲအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျပန်ရောက် ရခိုင်အဖွဲ့အစည်းများနှင့် အခြား ကချင်၊ ကရင် စသည့်တိုင်းရင်းသားများက ရခိုင်အရေးနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံတွင် မကြာခဏ ဆန္ဒထုတ်ဖော်မှုများ ရှိကြောင်း တွေ့ရသည်။

ဆက်စပ် သတင်းများ