သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဟု တရုတ်ပြောသော်လည်း သမိုင်းနှင့်ချီ စွက်ဖက်မှုရှိခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

မောင်စာဂ၊ နိရဥ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၄

မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဟု တရုတ်ထုတ်ပြန်သော်လည်း သမိုင်းကြောင်းနှင့်ချီ စွက်ဖက်မှုရှိခဲ့သည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက "တရုတ်အနေနဲ့ မြန်မာ့ပြည်တွင်းရေးကို အခုမှမဟုတ်ဘဲ အရင် ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရှိခဲ့စဥ်ကလည်း တရုတ်နဲ့ ပါတီချင်းဆက်ဆံရေးဆိုပြီး ဗကပတွေကို သင်တန်းပို့ချတာနဲ့ လက်နက်ထောက်ပံ့တာတွေ သမိုင်းစဥ်တစ်လျှောက် ရှိခဲ့ပါတယ်"ဟု ပြောသည်။ 

မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်အပေါ် အကြောင်းမဲ့ပြစ်တင်ပြောဆိုမှုနေကြမှုအား ဆန့်ကျင်ကြောင်းနှင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဟု ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည့်အပေါ် ဦးဖေသန်းက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဆက်လက်ပြီး ဦးဖေသန်းက တရုတ်အနေဖြင့် လက်ရှိတွင်လည်း တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေး၊ မြန်မာပြည်တွင်းရှိ တရုတ်စီမံကိန်းနှင့် တရုတ်ဝန်ထမ်းများ လုံခြုံရေး၊ မြန်မာပြည်တွင်း တိုက်ပွဲများရပ်တန့်ရေး၊ စစ်တပ်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသိအမှတ်ပြုရေးနှင့် စစ်ကောင်စီအလိုကျ ရွေးကောက်ပွဲဖြစ်မြောက်ရေးစသည်တို့တွင် ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်နေသည်မှာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းပင်ဖြစ်သည်ဟု ထောက်ပြသည်။

ယင်းအပြင် တရုတ်အစိုးရသည် ရခိုင်မှ သဘာဝ ဓာတ်ငွေ့များကို ဒေသခံ ရခိုင်ပြည်သူများဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ စစ်ကောင်စီနှင့်ပူးပေါင်းကာ ထုတ်ယူနေသည်။

ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တရုတ်က မယ်မယ်ရရ ထောက်ပံ့ ကူညီမှုများပြုလုပ်ပေးခြင်းမရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်၏သဘောထားဟုဆိုကာ တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင်မူ အချို့မီဒီယာများနှင့် ပုဂ္ဂိုလ်များက တရုတ်နိုင်ငံသည် မြန်မာပြည်တွင်းရေးကို စွက်ဖက်နေသည်ဟု အကြောင်းမဲ့ ပြစ်တင်ခြင်းများအား ဆန့်ကျင်သည်ဟု ဖော်ပြထားသည်။

"တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါသည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထားပြီး မြန်မာနိုင်ငံတွင်မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်သလို ပြည်ပအင်အားစုက မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအားလည်း ဆန့်ကျင်သည်ဟု ဆက်လက်ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ ဘက်အသီးသီးက ဆောလျင်စွာ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကြရန်လည်း ထည့်သွင်းတောင်းဆိုထားသေးသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာဂျားတို့သည် ပြီးခဲ့သည့်ဩဂုတ်လအတွင်းက စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြသည်။

ယင်းသို့တွေ့ဆုံခဲ့ကြပြီးနောက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကို ရှမ်းမြောက်ဒေသတွင် စစ်ပွဲများရပ်တန့်ပေးရန် ဖိအားပေးခြိမ်းခြောက်စာတစ်စောင်ကို သြဂုတ် ၂၉ ရက်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့လုံခြုံရေးကော်မတီက TNLA ထံ ပေးပို့ခဲ့သည်။

အပြစ်မဲ့ မြန်မာပြည်သူများအား နေ့စဥ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်ပြီး မြေပြင်စစ်ကြောင်းများက ပြည်သူလူထုကို သတ်ဖြတ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိသည့် စစ်ကောင်စီကို အပစ်ရပ်ရန်ဖိအားမပေးဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုသာ ဖိအားပေးနေမှုမှာ မြန်မာ့ပြည်တွင်းရေးအား ဝင်ရောက် စွက်ဖက်ကာ ဘက်လိုက်ပြောဆိုခြင်းဖြစ်သည်ဟု တရုတ်အပေါ် ဝေဖန်သံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့သည်။

ဓာတ်ပုံ - ကျောက်ဖြူမှ တရုတ်နိုင်ငံ၊ ကူမင်းမြို့အထိ ဆက်သွယ်ဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းလမ်းကြောင်းပြမြေပုံ။ (Photo - BBC)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!