ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

တောင်ကိုးရီးယားနိုင်ငံတွင် ရခိုင်အသင်း(ကိုးရီးယား)၏ သတ္တမအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲ ပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 325

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၄

တောင်ကိုးရီးယားနိုင်ငံရောက် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်များဖြင့်ဖွဲ့စည်းထားသည့် ရခိုင်အသင်း (ကိုးရီးယား)၏ သတ္တမအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အောက်တိုဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါပွဲကို အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီခွဲအထိ တောင်ကိုးရီးယားနိုင်ငံ၊ အင်ချွန်မြို့၊ ဘူဖြောင်းဆမ်ဂေါ်ရီဘူတာအနီးရှိ ဓမ္မယာနသာသနရက္ခိတ ရခိုင်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပုရိမဝါမှ ထမြောက်တော်မူကြကုန်သော ကိုးရီးယားရောက် သံဃာတော် ခုနစ်ပါးကိုပင့်ဖိတ်၍ စုပေါင်းကထိန်သင်္ဃန်းနှင့် ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်ဟု ရခိုင်အသင်း(ကိုးရီးယား)၏ဥက္ကဋ္ဌ ကိုအောင်လွင်က နိရဥ္စရာ​ပြောသည်။



"ကျနော်တို့ ရခိုင်လူမျိုးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဘယ်နေရာ၊ ဘယ်ဒေသကို ရောက်လို့ရှိပါစေ။ မိမိတို့ အမျိုးနဲ့ အမျိုးဂုဏ်တွေကို စောင့်ရှောက်ထိန်းသိမ်းသလို မိမိတို့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်းပြီးတော့ အမြတ်တနိုး တန်ဖိုးထားတဲ့အတွက်ကြောင့် 'သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ္ဍပါတ်၊ အလွန်မြတ်၏' လို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ထေရဝါဒ ဗုဒ္ဓဘာသာအစဉ်အလာအရ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်သာ လှူဒါန်းခွင့်ရတဲ့ ဒီစုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ပြုလုပ်ရတာဖြစ်ပါတယ်။ တောင်ကိုးရီးယားနိုင်ငံရောက် ရခိုင်မိသားစုရဲ့ စည်းလုံးညီညွတ်မှုကို ပေါ်လွင်တဲ့ ပွဲတစ်ပွဲဆိုရင်လည်း မမှားပါဘူး"ဟု ပြောသည်။


အဆိုပါကထိန်ပွဲတော်သို့ ရခိုင်အသင်း(ကိုးရီးယား)အပါအဝင် မိတ်ဖက်အဖွဲ့များဖြစ်သည့် ကရင်၊ မွန်နှင့် ပအို့ဝ်အသင်းများမှ အသင်းသူ၊ အသင်းသားများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က တောင်ကိုးရီးယားနိုင်ငံတွင် ဓမ္မယာနသာသနရက္ခိတ ရခိုင်ဘုန်းတော်ကြီးကျောင်းကိုစတင်တည်ထောင်ခဲ့ပြီးနောက် ယခုကဲ့သို့ စုပေါင်းမဟာဘုံကထိန်ပွဲတော်အား ကျင်းပလာသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် သတ္တမအကြိမ်မြောက်ရှိသွားပြီဟု သိရသည်။



ဓာတ်ပုံ - ပေးပို့

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!