သောကြာ၊ အောက်တိုဘာလ ၂၅ရက်၊ ၂၀၂၄

မောင်တောမှအမျိုးသားတစ်ဦးဝယ်ယူထားသည့် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်တွင် ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 2.8k

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၂၅/၂၀၂၄

ရခိုင်ပြည်၊ အနောက်ဘက်နယ်စပ် မောင်တောမြို့မှ အမျိုးသားတစ်ဦးဝယ်ယူထားသည့် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရန်ကုန်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးများကို စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အောက်တိုဘာလ ၁၄ ရက်၊ ညနေ ၄ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၌ ဝင်းထွဋ်ဆိုသူ မောင်းနှင်လာသည့် FIELDER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာမှ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ သိန်းကို စတင်ဖမ်းမိခဲ့သည်ဟု ယနေ့ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခဲ့သည့် TOYOTA SUCCEED မော်တော်ယာဉ် ၁ စီးနှင့် ညနေ ၅ နာရီခွဲအချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကျီစု(အနောက်)ရပ်ကွက်၊ ရွှေကျီးလမ်းသွယ်ရှိ ဝင်းထွဋ်၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆ ဒသမ ၈ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

"စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်နေ စိုင်းဆိုင်နွံ(ခ)ပီနွံနှင့် ကျေးသီးမြို့နယ်နေ ဟန်သိန်း(ခ)စိုင်းဆန်ဆွေတို့က ရောင်းချခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နေ စိုးမြင့်(ခ)ဇီဘူရာမောက်က ဝယ်ယူခြင်းဖြစ်ကြောင်း"လည်း ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးအမျိုးအစားကိုမူအတိအကျ ဖော်ပြထားခြင်းမရှိပေ။

အဆိုပါမူးယစ်ဆေးများကို သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းတို့ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်နေ စိုးမိုးအောင်(ခ)မိုလ်ဇူရာမန်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ ကျော်ဝင်းစိုးနှင့်ဇနီး မသီတာဝင်း(ခ)ယာစမင်းတို့အား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သူတို့အား ဥပဒေအရ အရေးယူထားသလို ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

Photo - CCDAC MYANMAR

ဆက်စပ် သတင်းများ