ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ထိုင်းဝန်ကြီးချုပ်က ထိုင်း-မြန်မာနယ်စပ်အနီး ရေဘေးအခြေအနေ သွားရောက်ကြည့်ရှု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 291

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ စက်တင်ဘာ ၁၄ /၂၀၂၄

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်သည် ရေဘေးဒဏ်ကိုအဆိုးဝါးဆုံးခံစားခဲ့ရသည့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား(၁)ပေါ်အထိ ရေဘေးအခြေအနေအား စက်တင်ဘာလ ၁၃ ရက်က သွားရောက်ကြည့်ရှုခဲ့ကြောင်း သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ် ပေထုန်တန်သည် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ချစ်ကြည်ရေးတံတား၏ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရေဘေးသင့်နေရာများကိုသွားရောက်ခဲ့ပြီး ရေဘေးသင့် ထိုင်းပြည်သူများအား အသုံးအဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ 

ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးအိတ်များ ပေးအပ်ခဲ့ကာ ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးခြင်း၊ အိပ်ယာပေါ်ရှိ လူနာများအား ပံ့ပိုးပေးခြင်းများနှင့်အတူ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား အမြန်ဆုံးနေရာချထားပေးရန်နှင့် ထိခိုက်ဆုံးရှုံးမှုများအား အနီးကပ်စောင့်ကြည့်ရန်လည်း ချင်းရိုင်မြို့တွင်ပြုလုပ်သည့် အစည်းအ‌ဝေး၌ မှာကြားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားကြသည်။

ထိုင်းအစိုးရသည် ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ အပါအဝင် အခြား ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန် ထိုင်းတော်ဝင်တပ်မတော် အထူးတပ်ဖွဲ့ဝင်များအားလည်း စေလွှတ်ထားကြောင်း သိရသည်။

ဓာတ်ပုံ - Paetongtarn Shinawatra

ဆက်စပ် သတင်းများ