စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

လူ ၄ ဦးထိ သေဆုံးခဲ့ရသည့် တောင်ကုတ် ကင်းတောင်ရွာကို တစ်ရက်တည်းအတွင်း နောက်ထပ်ဗုံးလာကြဲ၍ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ထပ်သေဆုံးပြီး ရွာသား ၁၂ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 819

(တစ်ရွာတည်းကို တစ်နေ့အတွင်း နှစ်ကြိမ်တိုင် ဗုံးကြဲ၍ ငါးဦးသေ၊ ၂၀ ဦးခန့် ဒဏ်ရာရ)

ဆလိုင်းမိုးအောင်၊ နိရဥ္စရာ၊ အောက်တိုဘာ ၄/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ၍ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးသေဆုံးပြီး ရွာသား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ကင်းတောင်ကျေးရွာမှ မအိခိုင်ဖြိုး (၁၅)နှစ်ဖြစ်ပြီး ကျည်စ ဦးခေါင်းထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ ဒေါ်ကြွေရုပ် (၅၃)နှစ်၊ ဦးသာဟန်၊ ဒေါ်သိန်းတင်၊ မခင်ချိုဇင်၊ ဦးမောင်မြင့်ခင်(၃၈)နှစ်၊ ဦးတင်ဝင်း၊ ဒေါ်မေကြန်၊ ဦးတက်ထွန်း၊ ဦးမောင်ကြီးအောင်၊ ဒေါ်နွယ်နွယ်(၃၀)နှစ်၊ ဒေါ်စမ်းမြင့်နှင့် မနေဇင်ထွဋ်တို့ဖြစ်ကြပြီး မျက်နှာနှင့် ခြေထောက်များတွင် ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

သူတို့သည် ယနေ့ အောက်တိုဘာလ ၄ ရက်၊ ညနေ သုံးနာရီကျော်တွင် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ကင်းတောင်ရွာကိုထပ်မံ၍ ဗုံးနှစ်ကြိမ်လာကြဲရာ၌ ထိခိုက်မှုရှိခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

"မိန်းကလေးငယ်က ပွဲချင်းပြီးသေတာ။ တိုက်ပွဲမရှိဘူး။ ဒီအတိုင်း ဗုံးလာကြဲတာပါ"ဟု ကင်းတောင်ကျေးရွာသားတစ်ဦးက ပြောသည်။



ယနေ့ညနေတိုက်ခိုက်မှုတွင် ကင်းတောင်ရွာ မီးသတ်ရုံနှင့် ဈေးအနီးတို့ထံ ကျရောက် ပေါက်ကွဲခြင်းဖြစ်ပြီး ဦးဉာဏ်ရွှေ၏နေအိမ်တစ်ဆောင်မှာလည်း ဗုံးစထိမှန်ကာ ပျက်စီးသွားသည်ဟုလည်း သူက ပြောသည်။

"အခုပျက်စီးသွားတဲ့နေအိမ်က ဒီမနက် ညအချိန်က ဗုံးလာကြဲလို့ ဗုံးစထိပြီးသေသွားတဲ့ ကလေးရဲ့ အဖွားအိမ်ဖြစ်နေတယ်"ဟု ​ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ညဥ့် ၂ နာရီအချိန် ကျေးရွာသားများ အိပ်မောကျနေစဥ်ကလည်း Y-12 လေယာဥ်ဖြင့် ကင်းတောင်ကျေးရွာထဲကို ဗုံးကြဲချခဲ့သေးသည်။

ထိုသို့ဗုံးကြဲမှုကြောင့် အသက်(၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဦးမောင်လှတင်(၆၅)နှစ်၊ ဒေါ်မြရီ(၅၆)နှစ်နှင့် ဒေါ်မြကြည်(၇၄)နှစ်တို့လေးဦး သေဆုံးသွားခဲ့သည်။

မောင်ဇင်လင်းထက်(၁၁)နှစ်၊ ကျောင်းဆရာ ဦးစိုးထိုက်(၄၈)နှစ်၊ ဒေါ်မတင်ရွှေ(၈၉)နှစ်၊ ဒေါ်မြင့်မြင့်ကြူ (၅၂)နှစ်နဲ့ ကိုပြည်သိမ်းစံ (၂၃)နှစ်တို့မှာလည်း ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

အဆိုရွာတစ်ရွာတည်းကို တစ်နေ့တည်းအတွင်း ညဥ့်အချိန်နှင့် ညနေအချိန် နှစ်ကြိမ်တိုင် ဗုံးကြဲ၍ ငါးဦးသေပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

လက်ရှိတွင် ကင်းတောင်ရွာသားများမှာ တစ်နေ့တည်းတွင် စစ်ကောင်စီက ဗုံးနှစ်ကြိမ် လာကြဲမှုကြောင့် စိုးရိမ်ထိတ်လန့်နေကြပြီး လုံခြုံစိတ်ချရသည့်နေရာများတွင် ပုန်းခိုနေရကြောင်းလည်း သိရသည်။

ဓာတ်ပုံ - ပေးပို့

ဆက်စပ် သတင်းများ