သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လက်ဘနွန်တွင် ပေဂျာများပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင်အနည်းဆုံး လူ(၁၂)ဦး သေဆုံးပြီး အီရန်သံအမတ်ကြီးအပါအ၀င် လူပေါင်း (၂၇၅၀)ခန့် ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 172

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၁၈/၂၀၂၄

လက်ဘနွန် တွင် ပေဂျာများပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး၊ ဟစ်ဇ်ဘိုလာ ၂ ဦး အပါအဝင် အနည်းဆုံး လူ(၁၂ )ဦး သေဆုံးပြီး အီရန်သံအမတ်ကြီးအပါအ၀င် လူပေါင်း (၂၇၅၀)ခန့် ဒဏ်ရာ ရခဲ့ကြောင်း သတင်းရရှိသည်။

အယ်လ်ဂျာဇီးရား သတင်းဖော်ပြချက်အရ  လက်ဘနွန်နိုင်ငံတစ်ဝန်းတွင် စက်တင်ဘာ(၁၇)ရက်က လက်ကိုင်ပေဂျာများပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား နှစ်ဦး အပါအဝင်အနည်းဆုံး လူ(၁၂ )ဦး သေဆုံးခဲ့ရ ပြီး၊လူပေါင်း (၂၇၅၀)ခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ဆက်သွယ်ရာတွင်အသုံးပြုသည့်ပေဂျာ များ ပေါက်ကွဲပြီးနောက်အနည်းဆုံး လူ(၁၂ )ဦး သေဆုံးခဲ့ရပြီး၊ ယင်းတို့အထဲတွင် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးလည်းပါဝင်ခဲ့ပြီး လူပေါင်း ၂၀၀ ကျော်မှာ လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း၊  အများစုမှာ မျက်နှာ၊ လက်နှင့် ၀မ်းဗိုက်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဖြစ်သူ Firass Abiad ကပြောကြားခဲ့ သည်။

အဆိုပါ ပေဂျာပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူများတွင် လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Mojtaba Amaniလည်း ပါဝင်ခဲ့ကြောင်း အီရန်သတင်းအေဂျင်စီများ က ဖော်ပြချက်အရသိရသည်။

ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ၄င်း၏ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ သည် ဆက်သွယ်ရေးပစ္စည်းအဖြစ် အသုံးပြုကြသည့် ပေဂျာများ ပေါက်ကွဲမှုကြောင့် ၎င်းတို့၏ တိုက်ခိုက်ရေးသမား နှစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ရကြောင်း ဟစ်ဇ်ဘိုလာတို့က စက်တ င်ဘာ(၁၇)ရက်ကကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ ပေဂျာများ ပေါက်ကွဲမှုသည် အစ္စရေး- ဟားမတ်စ် တိုက်ခိုက်မှုစတင်ခဲ့သည် အောက်တိုဘာ ၇ ရက် ကစပြီး၊ ၎င်းတို့အဖွဲ့ အနေဖြင့် ပထမဆုံးကြုံတွေ့ခဲ့ရသည့် “အကြီးမားဆုံး လုံခြုံရေးချိုးဖောက်ခံရမှု” ဖြစ်သည်ဟု အမည်မဖော်လိုသည့် ဟစ်ဇ်ဘိုလာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံ အရှေ့ဘက်နှင့် ဘေရွတ်မြို့တောင်ပိုင်းဆင်ခြေဖုံး နေရာများတွင် “တပြိုင်နက်တည်း ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း" အယ်လ်ဂျာဇီးရားသတင်းထောက် Zeina Khodr က ဘေရွတ်မြို့မှ သတင်းပေးပို့ရာတွင်ဖော်ပြထားသည်။

“ဒါဟာ လုံခြုံရေး ချိုးဖောက်မှုကြီးပါ။ ဟစ်ဇ်ဘိုလာတို့ရဲ့ ဆက်သွယ်ရေး ကိရိယာတေ့ ပျက်စီးသွားခဲ့ရတယ်။ လက်ဘနွန်တစ်ဝှမ်းမှာ ဒဏ်ရာတွေနဲ့ ကြမ်းပြင်ပေါ်မှာသွေးထွက်ပြီး လဲလျောင်းနေတဲ့ အမျိုးသားတွေရဲ့ ဓာတ်ပုံတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဆေးရုံတွေမှာ သွေးသွင်းဖို့အတွက် အရေးပေါ် သွေးလိုအပ်နေ ကြောင်း တောင်းဆို နေ တဲ့ သတင်းတွေလည်းကြား နေရပါ တယ်” ဟု ၎င်းက ဆိုသည်။

အစ္စရေးတွင် ဖုန်းများကို ထိုးဖောက် စိမ့်ဝင်နိုင်သည့် နည်းပညာ ရှိသောကြောင့် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပြောဆိုရာတွင် စမတ်ဖုန်းများ အသုံးပြုမှုကိုရပ်တန့်ပြီး ပေဂျာများကိုသာ အသုံးပြုကြရန် လွန်ခဲ့သော လအနည်းငယ်က ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah က ၄င်း၏ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများကို ပြောဆို ခဲ့သည်ဟု ၄င်းကဆက်လက် ပြောကြားခဲ့သည်။

"ဒါကြောင့် သူတို့ဟာ ကွဲပြားခြားနားတဲ့ ဆက်သွယ်ရေးစနစ်ဖြစ်တဲ့ ပေဂျာတွေကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။ အစ္စရေးတို့က သူတို့ရဲ့ ပေဂျာ တွေထဲကို ထိုးဖောက် ဝင်ရောက်လာပြီး တိုက်ခိုက် လာပုံရတယ်" ဟု ၄င်းကထပ်လောင်းပြောဆိုသည်။ အဆိုပါ ပေဂျာများ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အစ္စရေးစစ်တပ် က မူ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခြင်းမရှိပေ။

အဆိုပါ ဖြစ်ရပ်များတွင် အမေရိကန်အနေဖြင့် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း၊ မည်သူ့တွင် တာဝန်ရှိသည်ကို မသိ ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန မှပြောရေးဆိုခွင့်ရှိသူ Matthew Miller က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းနေပါတယ်။ အမေရိကန်က ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်။ ဒီအဖြစ်အပျက်ကို အမေရိကန်က ကြိုပြီး သတိမထားမိခဲ့ပါ ဘူး" ဟု Miller က ဆက်လက်ပြောကြားခဲ့သည်။ Source/ BBC and Al Jazeera

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!