ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ဖမ်းဆီးထားသည့်သတင်းသမားနှစ်ဦးအား KIA ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 633

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖမ်းဆီးခံထားရသည့်
 သတင်းသမားနှစ်ဦးအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။

KIA က လွှတ်ပေးလိုက်သည့် သတင်းသမားနှစ်ဦးမှာ
 ဖားကန့်အခြေစိုက် Red News Agency ၏ သတင်းထောက် ကိုတာလင်းမောင်နှင့် ဖားကန့်အခြေစိုက် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးတို့ဖြစ်သည်။

သူတို့သည် ယမန်နေ့ အောက်တိုဘာ ၂၇ ရက်တွင် လွတ်မြောက်လာခြင်းဖြစ်သည်ဟု ကိုနောင်ရိုးက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက အသိပေး ရေးသားထားသည်။

"ကျွန်တော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါပြီ၊ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်၊ခင်ဗျာ"ဟု ရေးသားဖော်ပြထားသည်။

သူတို့နှစ်ဦးကို KIA က ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တစ်လခန့်အကြာတွင် လွတ်မြောက်လာခြင်းဖြစ်သည်။

ယင်းအချိန်က ကိုတာလင်းမောင်သည် KIA/KIO နှင့်ပတ်သက်သည့် ပို့စ်တစ်ခုကို သူ၏လူမှုကွန်ရက်တွင် တင်မိရာမှ ဖမ်းဆီးခံခဲ့ရပြီး ကိုနောင်ရိုးမှာ ကိုတာလင်းမောင်နောက်သို့ လိုက်ပါသွားစဥ် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

သူတို့ကိုဖမ်းဆီးပြီးနောက် အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း သတင်းမီဒီယာအသိုင်းအဝိုင်းနှင့် မီဒီယာအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားကြသည်။

သူတို့နှစ်ဦးအနက် ကိုတာလင်းမောင်သည်
 အာဏာမသိမ်းခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သတင်းထောက်လုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝင်ထားသူဖြစ်သည်။

အလားတူ ကိုနောင်ရိုးသည် အာဏာသိမ်းခါစ ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်တွင် စစ်ကောင်စီထံ ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ -က ဖြင့် တရားစွဲဆိုခံရပြီးနောက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ပြန်လွတ်မြောက်လာခဲ့သူဖြစ်သည်။


ဓာတ်ပုံ - ကိုနောင်ရိုး (ဝဲ)နှင့် ကိုတာလင်းမောင်(ယာ)အားတွေ့ရစဥ်။ (Photo-
 ကိုတာလင်းမောင်နှင့် ကိုနောင်ရိုး၏ facebook)

 

ဆက်စပ် သတင်းများ