- Web Master
- ၁၄ ဇန်နဝါရီ ၂၀၂၄
ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၁၇/၂၀၂၄
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ၊ မိုရေးမြို့ ရှိ နယ်စပ် ကျေးရွာတစ်ရွာတွင် တရားမ၀င် ၀င်ရောက် လာသည့် မြန်မာဒုက္ခသည် (၆၀) ဦးကို ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်နေစဥ်အတွင်း တွေ့ရှိခဲ့ကြောင်း India Today NE သတင်းဖော်ပြချက်အရသိရသည်။
မဏိပူရပြည်နယ်၊ မိုရေးမြို့ နယ်ခြား မှတ်တိုင်အမှတ်(၈၀) အနီး ဂိုဗာဂျန် ရွာတွင် ဇူလိုင်လ(၁၅)ရက်က ပြုလုပ်ခဲ့သည့် ပြည်နယ်ရဲတပ်ဖွဲ့၊ အာသံရိုင်ဖယ်တပ်နှင့် နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF) တို့မှ ဝန်ထမ်းများ ပူးပေါင်းပါဝင်သည့် စစ်ဆင်ရေးအတွင်း အဆိုပါမြန်မာဒုက္ခသည် (၆၀)ဦးကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ(၁၅)ရက်၊ နံနက်အစောပိုင်း က ပူးပေါင်းအဖွဲ့သည် လူပေါင်း (၂၈၀) ကို စစ်ဆေးခဲ့ရာ (၆၀) ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၄င်းတို့သည် မြန်မာ-အိန္ဒိယ နယ်စပ်ကို ဖြတ်ကျော်ကာ ဝင်ရောက် လာသူများဖြစ်ကြောင်း၊ ၄င်းတို့သည် နယ်စပ်ရွာတစ်ရွာဖြစ်သည့် ဂိုဗာဂျန် ရွာတွင် တရားမ၀င် နေထိုင်လျက်ရှိကြောင်း ပူးပေါင်းစစ်ဆင်ရေးကို ဦးဆောင်ခဲ့ သူ Md Riyajuddin ကအတည်ပြုပြောဆို ခဲ့သည်။
အာသံရိုင်ဖယ်တပ်သည် ရှာဖွေ တွေ့ရှိခဲ့သည့် (မြန်မာ) ဒုက္ခသည်များထံမှ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို စုဆောင်းရယူထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ပြောကြား ချက်အရသိရသည်။
သို့သော်လည်း ယခုကဲ့သို့လုပ်ဆောင်ခဲ့သည့်ပူးပေါင်းစစ်ဆင်ရေး လုပ်ငန်းစဉ်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပတ်သက်မှုမရှိဘဲ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ဗဟိုအစိုးရနှင့် ပြည်နယ် အာဏာပိုင်များ အကြား ညှိနှိုင်းဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။
Source and photo / India Today NE