စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

လာမည့်ရွေးကောက်ပွဲအတွက် ရခိုင့်ဦးဆောင်ပါတီ(AFP) စစ်ကောင်စီထံ မှတ်ပုံတင်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.8k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၃

ရခိုင့်ဦးဆောင်ပါတီ(AFP)သည် လာမည့်ရွေးကောက်ပွဲအတွက် စစ်ကောင်စီထံ ယမန်နေ့က မှတ်ပုံတင်ပြီဖြစ်ကြောင်း သိရသည်။

AFP ပါတီသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်ထုတ် စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။


နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများကို စစ်ကောင်စီက ထုတ်ပြန်ကြေညာအပြီး ရခိုင့်နိုင်ငံရေးပါတီများအနက် AFP ပါတီက ပထမဆုံး မှတ်ပုံတင်လိုက်ခြင်းဖြစ်သည်။


စစ်ကောင်စီသည် လာမည့်ရွေးကောက်ပွဲအတွက်ရည်ရွယ်ကာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများကို ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ပြီးသည့်နောက် ယမန်နေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၄ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၉ ပါတီရှိ၍ စုစုပေါင်း ၁၃ ပါတီရှိပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။


ယင်း ၁၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၈ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရေးသားထားသည်။


ရခိုင်တွင် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ(AFP) စသည့် လူသိများသည့် နိုင်ငံရေးပါတီ ၃ ခုရှိသည်။


ယင်းအထဲမှ ရခိုင်အမျိုးသားပါတီ(ANP) အနေနှင့် စစ်ကောင်စီ၏ ပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်နှင့် ပတ်သက်၍ မြို့နယ် အလုပ်အမှုဆောင်နှင့် မြို့နယ်ကော်မတီဝင်များအနေနှင့် မိမိတို့၏သဘောထား မှတ်ချက်များ ကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ နောက်ဆုံးထား ပေးပို့ကြရန် မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်များနှင့် မြို့နယ်ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား ANP ပါတီဌာနချုပ်က စာပေးပို့ တောင်းဆိုထားသည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၏ ပါတီမှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတစ်ရပ်ကို ကျောက်ဖြူမြို့ ရှိ SERI ဟော်တယ်တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးရွေးကောက်ပွဲဝင်ရောက်မယှဉ်ပြိုင်ရေး နှင့် မှတ်ပုံတင်မတင်ရေးတို့ကို ကော်မတီဝင်အများစုက ဆန္ဒရှိခဲ့ကြကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!