စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

စစ်ရေးတင်းမာလာသည့် စစ်တွေမြို့ပြင်နေရာအချို့ကို စစ်ကောင်စီ ဗုံးကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 341

စောရှင်မေ၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၁/၂၀၂၄

စစ်ရေးအခြေအနေ တင်းမာလာသည့် စစ်တွေမြို့၊  မြို့ပြင်တွင် တည်ရှိသည့် ကျေးရွာအချို့ကို  စစ်ကောင်စီက ဂျက်လေယာဥ်တစ်စီးဖြင့် ယနေ့ညနေတွင် ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

ဗုံးကြဲခံရသည့် အထဲတွင် ဝါဘိုကျေးရွာလည်း ပါဝင်ပြီး ယနေ့ စက်တင်ဘာ ၂၁ ရက်၊ ညနေ ၄ နာရီကျော်ခန့်က ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၁ လုံးလာကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" ဂျက်ဖိုက်တာတစ်စီး အရှေ့ဘက်ကလာတယ်။ ပြီးရင် ခလရ (၂၀) သူတို့စစ်တပ်ရှိတဲ့နေရာ အပေါ်ကနေဝိုက်တယ်။ ပြီးရင် နာရီကန်ဘက်ကနေထိုးဆင်းပြီး ဗုံးတစ်လုံးချသွားတယ်။ ဝါဘိုရှိတဲ့နေရာပဲ။ ပြီးတော့ ခဏလောက်ဝဲနေသေးတယ် " ဟုပြောသည်။

အဆိုပါ ဂျက်ဖိုက်တာသည် ထိုသို့ ဗုံးတစ်လုံးချ၍ အနီးအနားတွင်ဝဲနေခဲ့ပြီးနောက် မြောက်ဦးဘက်သို့ ပျံတက်သွားသည်ဟု ၎င်းကပြောသည်။

ထိုသို့ စစ်ကောင်စီက ဗုံးလာကြဲသည့်အတွက်ကြောင့် ဝါဘိုကျေးရွာ၏ ရွာပြင်ဘက်တွင် ကျရောက်သည့် အတွက် အထိအခိုက်တစ်စုံတစ်ရာမရှိကြောင်း သူက ပြောသည်။

" ရွာပြင်မှာကျတော အထိအခိုက်တော့မရှိဘူး။ အဓိကတော့ စစ်ကောင်စီက ဝါဘိုဘက်မှာ AA ရှိတယ်လို့ အထင်နဲ့ ဗုံးရွာကြဲတာနေမှာပေါ့။ အရင်နေ့တွေကလည်း လက်နက်ကြီးတွေ အဲဒီ ဘက်တွေကို ရမ်းသန်းပစ်တာတွေရှိတယ် " ဟုပြောသည်။

တစ်ခြားနေရာအချို့ကိုလည်း ဗုံးကြဲသွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါ။

စစ်တွေ၊ ရွှေမင်းဂံဘက်ကိုလည်း ဗုံးကြဲခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် မေးမြန်းအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့ ညဥ့် ၁၁ နာရီခန့်ကလည်း ရွှေမင်းဂံဘက်က လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ယမန်နေ့ စက်တင်ဘာ ၂၀ ရက်  မနက် ၁၀ နာရီကျော်ခန့်ကလည်း စစ်တွေမြို့နယ်၊ ဝါဘို၊ ညိုရောင်ချောင်းနှင့် မင်းလှကျေးရွာဘက်တို့ကို ရွှေမင်းဂံ စစ်တပ်စခန်းများက လက်နက်များ ရမ်းသမ်း ပစ်ခတ်နေခဲ့ကြောင်း သိရသည်။

အာရက္ခတပ်​တော် စစ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သဖြင့် စစ်ကောင်စီက စစ်တွေမြို့ပေါ်တွင် ခြံစည်းရိုးများ ကာရန်ထားသလို ခံစစ်ကိုလည်း အကြီးစား ပြင်ဆင်နေကြောင်း သိရသည်။

စစ်တွေမြို့ပေါ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော် စစ်တွေမြို့နယ် အရှေ့မြောက်ဘက်ရှိ မင်းလှကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့သည် ဩဂုတ် ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာလျက်ရှိနေသည်ဟု သိရသည်

ဆက်စပ် သတင်းများ