လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၈ / ၂၀၂၄
ရန်ကုန်၊ ဧရာဝတီနှင့် မကွေးမြို့များရှိသင်တန်းကျောင်းများတွင် စစ်ကောင်စီက
စုဆောင်းထားသည့်စစ်မှုထမ်းများသည် ရခိုင်စစ်မြေပြင်သို့ အများဆုံးအပို့ခံထားရပြီး
သေဆုံးမှုများပြားနေကြောင်း Burma Affairs & Conflict
Study(BACS)အဖွဲ့ထံမှ သိရသည်။
စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများအား ရှေ့တန်းစတင်ပို့ချိန်တွင်
အာရက္ခတပ်တော် (AA)က ရခိုင်ပြည်၊ သံတွဲကို ထိုးစစ်ဆင်နေချိန်ဖြစ်ကြောင်း BACS အဖွဲ့ ၏ သုတေသနတာဝန်ခံ ဦးမင်းထက်အောင်က နိရဉ္စရာကို
ပြောသည်။
ဦးမင်းထက်အောင်က “မောင်တော ဘက်ကို ပို့တာလည်းရှိတယ်။
မိသားစုတွေကတော့ သူတို့နဲ့အဆက်အသွယ်မရကြဘူးလို့ ဆိုကြတယ်” ဟုပြောသည်။
စစ်ကောင်စီစုဆောင်းထားသည့်စစ်မှုထမ်းများသည် ရခိုင်ပြည်နယ်ရှိ
သံတွဲတိုက်ပွဲ၊ ဂွတိုက်ပွဲနှင့် မောင်တောတိုက်ပွဲများတွင် သေဆုံးမှုများရှိပြီး
သံတွဲတိုက်ပွဲနှင့် ဂွတိုက်ပွဲတို့တွင် ထွက်ပြေးမှုများရှိကြောင်း ဒေသခံများကလည်း ပြောကြားမှုများရှိနေသည်။
သံတွဲဒေသခံတစ်ဦးက “သံတွဲတိုက်ပွဲမှာ
မောင်ရွှေလေးရေတပ်တိုက်ပွဲ၊ သူဌေးချောင်းတိုက်ပွဲမှာစစ်မှုထမ်းအသစ်တွေပါတယ်လေ။
သေတာရှိတယ်။ ထွက်ပြေးသွားတာရှိတယ်။ အခုလည်း ဂွတိုက်ပွဲမှာ ထွက်ပြေးနေကြတာမှာ
စစ်မှုထမ်းအသစ်လေးတွေပါတာတွေ့တယ်။ စစ်ကောင်စီက လိုက်ဖမ်းနေရတယ်” ဟု ပြောသည်။
မိခင်ကိုဆေးကုဖို့ ငွေကျပ်သိန်း ၆၀ ဖြင့် အစားထိုးဝင်ရောက်ခဲ့သည့် မကွေးတိုင်း အနောက်ခြမ်းမှ စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်း လူငယ်တစ်ဦးသည် သင်တန်းဆင်းပြီးနောက် သံတွဲဘက်ကို ပို့ဆောင်ခံခဲ့ရပြီး AA နှင့်တိုက်ခိုက်ရသည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း BACS အဖွဲ့ ၏ သုတေသနတာဝန်ခံ ဦးမင်းထက်အောင်က ပြောသည်။
”ကျန်တဲ့ သေဆုံးတဲ့ဖြစ်စဉ်တော်တော်များများလည်း
ကြားသိရတယ်။ အခုနောက်ပိုင်းအခြေအနေအနေတွေကိုတော့ ဆက်ပြီးစုံစမ်းဆဲပါ”ဟု ပြောသည်။
ထိုကဲ့သို့ စစ်မှုထမ်းသင်တန်းဆင်းများ ရှေ့တန်းပို့ဆောင်ခံရကာ သေဆုံး ဒဏ်ရာရမှုများစွာ ရှိနေသော်လည်း အရေအတွက် အတိအကျကိုမူ BACS အနေဖြင့် အတည်ပြုကောက်ယူနိုင်ခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် စစ်မှုထမ်း အပတ်စဉ် (၁)မှ (၅)အထိ သင်တန်းများကို နိုင်ငံတဝန်းရှိ သင်တန်းကျောင်းပေါင်း ၂၃ ကျောင်းတွင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ယင်းအနက် ရှမ်းပြည်နယ်အတွင်း အများဆုံး ဖွင့်လှစ်ခဲ့ပြီး သင်တန်းကျောင်းပေါင်း ခုနစ်ကျောင်းရှိကြောင်း BACS က အောက်တိုဘာ ၂၀ ရက်တွင်ထုတ်ပြန်ထားသည်။
မန္တလေးတွင် သင်တန်းကျောင်း
လေးကျောင်း ဖွင့်လှစ်ခဲ့ပြီး မွန်၊ စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတို့တွင်
နှစ်ကျောင်းစီနှင့် မကွေးနှင့် တနင်္သာရီတို့တွင် တစ်ကျောင်းစီဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပတ်စဉ် (၁)တွင် သင်တန်းသား ၅၀၀၀ နီးပါး စုဆောင်း နိုင်ခဲ့ပြီး ကျန်အပတ်စဉ်များတွင် သင်တန်းသား ၄၀၀၀ ကျော်စီ စုဆောင်းနိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိ အပတ်စဉ် (၅)အထိ စစ်မှုထမ်း စုဆောင်း ခံရသူ ၂၁၀၀၀ ထက်မနည်း ရှိသည်ကိုတွေ့ရကြောင်း BACS က ထုတ်ပြန်သည်။
ဓာတ်ပုံ-BNI