- Web Master
- ၂၂ မတ် ၂၀၂၃
နိရဉ္စရာ၊ ဧပြီ ၁/ ၂၀၂၃
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်
စစ်တွေမြို့လူထု အပေါ် စေတနာရှိပါက ရေတူးစက်ကြီးများဖြင့် လူမြင်ကောင်းအောင် ရေတူးပြနေမည့်အစား
စစ်တွေမှ
၂၅ မိုင်ခန့်သာ
ဝေးသည့်
ပုဏ္ဏားကျွန်း မြို့နယ်ရှိ ခမီကြိမ်ချောင်းဆည်မှရေကို
ပိုက်လုံးများဖြင့် သွယ်တန်းကာ ဖြန့်ဖြူးပေးသင့်ကြောင်း စစ်တွေမြို့မိမြို့ဖတစ်ဦးက
နိရဥ္စရာသတင်းဌာကို
ပြောသည်။
“ ရေတူးစက်နဲ့ တူးတာ ရေက ထင်သလောက် မထွက်ဘူးလို့ ကြားရတယ်။ ရေထွက်ရင်ကော
ဒီလောက်ကန်ကြီးကို ရေစုတ်တင် ဖြည့်ပေးဖို့ ဆီဖိုး နေ့တိုင်း ဘယ်သူက စိုက်မှာလဲ။ လူမြင်ကောင်းအောင်
လုပ်နေမယ့် အစား ပုဏ္ဏားကျွန်း
ခမီကြိမ်ချောင်းဆည်ကနေပြီး စစ်တွေမြို့ကို ပိုက်လိုင်းရေသွယ်ရင် ပိုအဆင်ပြေမယ်။ မိုင် ၂၅ မိုင်လောက်ပဲ ဝေးတာပါ။ ရေရှည်အတွက်လည်း အဆင်ပြေမယ်။ ရခိုင်ပြည်မှာလေ ဒီလောက်မိုးများတာ။ ဒီမြို့တော်စစ်တွေမှာ ရေရှားတယ်ဆိုတာ ရှက်ဖို့ကောင်းပါတယ်။ နွေရာသီ ရောက်တိုင်း စစ်တွေမြို့မှာ
ရေမရှားတာမရှိဘူး။
ဒီကိစ္စကို အမြဲတမ်းရင်ထဲမှာ ခံစားနေရတယ်”ဟု အဆိုပါ မြို့မိမြို့ဖက ပြောသည်။
စစ်တွေမြို့ပေါ်ရပ်ကွက်
၃ဝ ခန့်ကို သောက်သုံးရေဖြန့်ဖြူးပေးနေသည့် ကန်တော်ကြီးတွင် နှစ်စဉ်နှစ်တိုင်း ရေခမ်းခြောက်သဖြင့် မြို့သူမြို့သားများမှာ
သောက်သုံးရေ ရရှိရန် အခက်အခဲများနှင့်
အမြဲကြုံတွေ့နေရသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တွေမြို့သို့ ရောက်ရှိလာစဉ် ရေခမ်းခြောက်လျက်ရှိသည့် ကန်တော်ကြီးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်မိုးတို့နှင့်အတူ သွားရောက်ကြည့်ရှုခဲ့ပြီး စက်ကြီးများဖြင့် စက်ရေတွင်းများ တူးပြီး ကန်တော်ကြီးအား ရေဖြည့်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။
သို့ရာတွင် စက်ကြီးများဖြင့် စက်ရေတွင်းများ တူးသော်လည်း ထင်သလောက် ရေမထွက်သဖြင့် ကန်တော်ကြီးကို ရေဖြည့်ရန် အခက်အခဲကြုံတွေ့နေရသည်ဟု ဆိုသည်။
နိရဉ္စရာသတင်းဌာမှ ကိုယ်တိုင် သွားရောက်ပြီး စက်တွင်းတူးနေရာသို့ သွားရောက်ပြီး မေးမြန်းရာတွင်လည်း တာဝန်ရှိသူများက ကန်တော်ကြီးကို ရေဖြည့်လောက်အောင်ထိ မြေအောက်ရေ အလုံအလောက်ရရှိရန် အခက်အခဲရှိနေသည်ဟု ပြောဆိုခဲ့သည်။ စစ်တွေမြို့မှ ၂၅ မိုင်အကွာ (ပုဏ္ဏားကျွန်းမြို့မှ ၁၁ မိုင်ခန့်အကွာ) တွင် တည်ရှိသည့် ခမီကြိမ်ချောင်း ဆည်မှ ရေကို ပိုက်လုံးများဖြင့် သွယ်တန်းပြီး ကန်တော်ကြီးကို ရေဖြည့်ကာ စစ်တွေမြို့ကို ရေပေးဝေခြင်းမှာ ပိုပြီး အကျိုးရှိမည်ဖြစ်ပြီး စစ်တွေမြို့တွင် ကြုံတွေ့နေရသည့် ရေပြဿနာကိုလည်း ရေရှည် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးက ပြောဆိုသည်။
“ကျွန်တော်တို့ လွှတ်တော်တာဝန်ရှိတုန်းကလည်း လွှတ်တော်မှာ တင်ပြပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာက ခွင့်ပြုချက်မရခဲ့ဘူး။ ငွေကြေးကုန်ကျမှုများတယ်။ ဒီဆည်ဟာ ပုဏ္ဏားကျွန်း စက်မှုဇုန်အတွက်သာဖြစ်တဲ့အတွက်ဆိုပြီး ခွင့်ပြုမပေးပါဘူး။ စက်မှုဇုန်က အခုဖြစ်မှာလည်း မဟုတ်သေးပါဘူး။ အခုက စစ်တွေမှာ လူပေါင်းများစွာက အခက်အခဲဖြစ်နေကြပြီ။ အဲ့ဒီရေကို သက်ဆိုင်ရာက သွယ်ဖို့ကြိုးစားသင့်တယ်လို့ မြင်ပါတယ် ” ဟုပြောသည်။
ခမီကြိမ်ချောင်းဆည်သည် အလျားပေ ၆၆ဝ နှင့် အမြင့်ပေ ၉ဝ
ပေရှိပြီး အသုံးပြုနိုင်သည့် ရေလှောင် ပမာဏမှာ ဂါလံသန်း ၂၇၃၆ သန်း ရှိသည်ဟု သက်ဆိုင်ရာ အစိုးရဌာ၏ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ယင်းခမီကြိမ်ချောင်းဆည်ကို
ပုဏ္ဏားကျွန်းစက်မှုဇုန်အတွက်ရည်ရွယ်ကာ ဘတ်ဂျက်ငွေ အများအပြားဖြင့် အစိုးရက ၂၀၁၄-၂၀၁၅
ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော်လည်း ပုဏ္ဏားကျွန်းစက်မှုဇုန် စီမံကိန်းမှာ
ရပ်နားသွား ပြီဖြစ်သဖြင့် ၎င်းဆည်မှ ရေကို စစ်တွေမြို့သို့ ဖြန့်ဖြူးရန် ဒေသခံပြည်သူများက
လိုလားနေကြခြင်း ဖြစ်သည်။
စစ်တွေမြို့ကို ရေပေးဝေနေသည့် ကန်တော်ကြီးသည် အင်္ဂလိပ်တို့ ရခိုင်ကို သိမ်းပိုက် အုပ်ချုပ်စဉ် ၁၉ဝ၆ ခုနှစ်တွင်
စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က
မြို့ရှိလူဦးရေအတွက် သောက်သုံးရေဖူလုံနိုင်ခဲ့သော်လည်း လက်ရှိတွင်
မြို့နေလူဦးရေထူထပ်များပြားလာသည့်အတွက် ၂ဝ၁၄ ခုနှစ်နောက်ပိုင်းမှစတင်ကာ
သောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးပေးနိုင်ခြင်းမရှိတော့ဟု မြို့ခံများက ပြောသည်။
ထိုကန်တော်ကြီးအား
၂ဝ၁၄ နောက်ပိုင်းမှစတင်ကာ ဘတ်ဂျက်အမြောက်အများအကုန်အကျခံကာ အစိုးရက နှစ်စဉ်လိုလို
တူးဖော်မှုများပြုလုပ်ကြသော်လည်း ငွေအလွှဲသုံးစားမှုများသဖြင့် စီမံကိန်းများမှာ အောင်မြင်မှု မရှိဘဲ နွေရောက်သည်နှင့်
နှစ်စဉ် ရေများခမ်းခြောက်လျက်ရှိကြောင်း သိရသည်။
ကန်တော်ကြီး မြေအောက်အနက်တွင်
ကျောက်ကြောများအထပ်ထပ်ခံနေ၍ ထပ်မတူးသင့်တော့ဘဲ မြို့နေလူထုအတွက် လိုအပ်နေသည့်ရေကို ခမီကြိမ်ချောင်းဆည်မှ ပိုက်လုံးများဖြင့် သွယ်ကာ အလုံအလောက် ပေးဝေသင့်သည် ကျွမ်းကျင်သူများကလည်း အကြံပြု
ပြောဆိုကြသည်။
ကန်တော်ကြီးက ရေမရရှိသဖြင့် မြို့နေလူထုအများစုမှာ အဝီစိရေတွင်းများတူးကာ
မြေအောက်ရေများကို သုံးစွဲနေရပြီး အချို့ရပ်ကွက်များရှိ အဝီစိရေများမှာ
သန့်ရှင်းမှုမရှိ၍ ရေကို ပြင်ပက ငွေကုန်ကြေးကျခံကာ ဝယ်ယူသုံးစွဲနေရသည်ဟု
ဆင်ကူးလမ်းရပ်ကွက်သားတစ်ဦးက ပြောသည်။
“ဦးလေးတို့ဘက်မှာ
အဝီစိရေတူးလည်း ရေကမကောင်းဘူး။ ရွှံနံ့နံတယ်။ ရေက အကြီးအကျယ် ဒုက္ခဖြစ်နေတယ်။ ဝယ်သုံးဖို့ကလည်း ပိုက်ဆံ မတတ်နိုင်တော့
အခက်အခဲ ကြုံနေကြရတယ်” ဟု
ပြောသည်။
စစ်တွေကန်တော်ကြီး ရေခမ်းခြောက်မှုမရှိစေရေး၊
မြို့နေလူထု သောက်သုံးရေ ဖူလုံမှုရရှိစေရေးနှင့် ပုဏ္ဏားကျွန်းရှိ
ခမီကြိမ်ချောင်းဆည်မှ စစ်တွေကန်တော်ကြီးသို့ ပိုက်များဖြင့်
ရေသွယ်တန်းပေးနိုင်ခြင်းရှိ /မရှိ စသည်တို့နှင့်ပတ်သက်ပြီး သိရှိလို၍ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့မှ ညွှန်ကြားရေးမှူး
ဦးကျော်မိုးတို့ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
(NN-13)
ဓာတ်ပုံ - Khamee National Culture
Network