အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရမ်းဗြဲမြို့နယ်ကျောက်ဆောက်မှ ဖမ်းဆီးခံရသူနှင့် အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 2.1k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာမှ ဇွန်လ ၂၆ ရက်နေ့က ဖမ်းဆီးခံရသူ ကိုဇော်မင်းထွန်းနှင့် ယနေ့အချိန်ထိ အဆက်အသွယ်မရသဖြင့် စိုးရိမ်နေကြသည်ဟု မိသားစုများက ပြောသည်။ 

ဇွန်လ ၂၆ ညနေ ၅ နာရီခန့်တွင် ကိုဇော်မင်းထွန်း (၃၁) နှစ်ကို တပ်မတော် စစ်ကြောင်းတစ်ခုက ရမ်းဗြဲမြို့နယ်၊ စနဲမြို့နှင့် ကျောက်ဆောက် ကျေးရွာလမ်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံရသူ ကိုဇော်မင်းထွန်း၏ အစ်မဖြစ်သူ မမြင့်မြင့်ရီက “ကျမတို့ရွာနဲ့ စနဲကိုသွားတဲ့လမ်းမှာ ယာယီ တပ်စခန်းရှိတယ်။ သူတို့က လမ်းသွား၊လမ်းလာတွေကိုစစ်ဆေးတယ်။ အဲဒီနေ့က သူ့က စနဲက ပြန်လာတဲ့ အချိန်မှာ သူ့ကိုမသင်္ကာလို့ဆိုပြီးဖမ်းယူသွားတယ်။ အဲဒီနေ့ ည ၇ နာရီလောက်မှာ တပ်မတော်သား လေးယောက်၊ ငါးယောက်က အိမ်ကို လာမွှေတယ်” ဟုပြောသည်။

၎င်းမှာ စနဲမြို့တွင် ဝပ်ရှော့ပညာသင်ကြားနေသူတစ်ဦးဖြစ်ကာ ညနေဖက်တွင် ကျောက်ဆောက်ကျေးရွာသို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းဟု ပြောသည်။

ကိုဇော်မင်းထွန်း အဖမ်းခံရခြင်းမှာ ဟုတ်မှန်ကြောင့် ကျောက်ဆောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ရွှေက အတည်ပြုပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ရွှေက “ သူ့အဖမ်းခံရတာတော့ ဟုတ်တယ်။ သူ့ကိုဖမ်းထားတဲ့အချိန်မှာတော့ ကျနော်ကိုခေါ်တယ်။ ကျနော်ကိုခေါ်လို့ ကျနော်လည်း အဲဒီကို သွားခဲ့တယ်။ အဲဒီနေရာမှာ အမြဲတမ်းစစ်ဆေးတာတော့ မဟုတ်ဘူး။ သူတို့တပ်တွေက ရောက်လာလိုက်၊ ပြန်သွား လိုက်နေတာ။ သူတို့ရောက်လာတဲ့အချိန်မှာတော့ စစ်ဆေးတာတွေရှိတယ်။ ညနေဖက်မှာလည်း သူ့အိမ်ကို လာပြီးတော့ စစ်ဆေးလာတယ်။ အဲဒီချိန်မှာလည်း ကျနော်ပါတယ်။” ဟု ၎င်းကပြောသည်။

ကိုဇော်မင်းထွန်းမှာ အာရုံကြောအားနည်းသူတစ်ဦးဖြစ်ပြီး၊ သူကိုဘယ်နေသို့ ဖမ်းယူသွားကြောင်း၊ ဘယ်နေရာတွင်ထိန်းသိမ်းထားကြောင်း သတင်းအစအနမရသဖြင့် မိသားစုဝင်များမှာ စိုးရိမ်ကြောင့်ကြနေကြောင်း သူက ပြောဆိုသည်။

ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဦးကျော်ရွှေကလည်း ကိုဇော်မင်းထွန်း အဖမ်းခံရခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။ အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ယနေ့ အချိန်ထိ သတင်းထုတ်ပြန်မှု မရှိသေးပါ။ 

စနဲမြို့နှင့် ကျောက်ဆောက်ကျေးရွာမှာ ၆ မိုင်ခန့်ကွာဝေးကြောင်းသိရှိရသည်။

ဆက်စပ် သတင်းများ