အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဦးဂါကျေးရွာမှ အဓမ္မပြုကျင့်ခံရသူအမျိုးသမီး ပထမဆုံးအကြိမ် စစ်တရားခုံရုံးသို့တက်ရောက်၊ ပြုကျင့်သူ ၃ဦးမှဝန်ခံ၊ လာမည့်ဒီဇင်ဘာ ၁၁ ရက်နေ့အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7k

ဆောင်းဇာခြည်၊ အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှ အဓမ္မပြုကျင့်ခံရမှု အသက် ၄ဝ အရွယ် အမျိုးသမီးသည် ယနေ့ စစ်တွေ တပ်နယ်ရှိ စစ်ခုံရုံးတွင် သူမ၏ အမှုနှင့် ပတ်သက်ပြီး ပထမဆုံး အကြိမ် တက်ရောက် နားထောင်ခွင့်ရရှိခဲ့ပြီး  ပြုကျင့်သူ တပ်မတော်သား ၃ ဦးမှ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသဖြင့် လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အမိန့်ချမည်ဟု သိရှိရကြောင်း ကာယကံရှင် အမျိုးသမီးက ပြောသည်။

ယနေ့ နံနက် ၁ဝ နာရီခန့်က စစ်တွေမြို့ရှိ တပ်မတော် အကျဉ်းစစ်တရားရုံးတွင် စစ်ဘက်ရေးရာ တရားသူကြီး ၃ ဦးမှ ဦးဂါအမျိုးသမီးအား ဓမ္မပြုကျင့်ခံရမှုကို စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ကာယကရှင် အမျိုးသမီးက “တရားခံကို အပြစ်ဒဏ်အကြီးအကျယ်ပေးလေ ကျွန်မကျေနပ်လေပဲ။ တရားခံကို လွတ်မြောက်ခွင့် ဘယ်လိုမှ မပေးချင်ဘူး။ အခုလိုမျိုး အပြစ်ဒဏ်မပေးလိုက်ရင် နောင်လာမယ့် သားသမီးတွေ အခုလိုပဲ ဖြစ်လာမယ်။ ကျွန်မတို့ ရခိုင်တစ်မျိုးသားလုံးက ကိုယ့်ဂုဏ်သိက္ခာနဲ့နေတာ သူတို့ကြောင့် အခုလို ဖြစ်ရပါတယ်” ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ကျူးလွန်သူ တပ်မတော်သား ၃ ဦးထဲမှ  တစ်ဦးကို နယ်ဘက်ပြစ်မှု (၃၇၆) တပ်မတော် အက် ဥပဒေပုဒ်မ (၇၁) ၊ နယ်ဘက်ပြစ်မှု (၃၆၆) တပ်မတော် အက် ဥပဒေပုဒ်မ (၇၁) ၊ တပ်မတော်အက် ဥပဒေပုဒ်မ ၃၅ (င) တို့ဖြင့် စွဲချက်တင်ခဲ့သည်ဟု  အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့်  တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

ကျန်နှစ်ဦးထဲမှ တစ်ဦးကို နယ်ဘက်ပြစ်မှု (၃၇၆) တပ်မတော်အက် ဥပဒေပုဒ်မ (၇၁)၊ တပ်မတော်အက် ဥပဒေပုဒ်မ ၄၇ (၁) ဖြင့် စွဲချက်တင်ကာ ကျန်တစ်ဦးကို နယ်ဘက်ပုဒ်မ (၃၇၆) တပ်မတော်အက်ဥပဒေပုဒ်မ (၇၁)၊ တပ်မတော်အက်ဥပဒေပုဒ်မ ၄၇ (၁) တို့ဖြင့် အသီးသီးစွဲချက်တင်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“စစ်တွေမြို့ အကျဉ်းစစ်တရားရုံးမှာ တပ်မတော်သား ၃ ဦးကို အကျဉ်းနည်းနဲ့ စစ်ဆေးခဲ့တယ်။ ခုရုံးအဖွဲ့ ၃ ဦး၊ ဥက္ကဋ္ဌရယ်၊ အဖွဲ့ဝင်နှစ်ယောက်ရယ်နဲ့ စစ်ဆေးတာ ဖြစ်ပါတယ်။ ကျွန်မတို့ အပြင်က ရှေ့နေတွေပါတယ်။ ပြီးတော့ တရားလိုပါတယ်။ နောက်ပြီး တခြား သက်သေတွေနဲ့အတူ စစ်ဆေးတာ ဖြစ်ပါတယ်” ဟု ဒေါ်မြသူဇာက ပြောဆိုသည်။

ကျူးလွန်သူ တပ်မတော်သား သုံးဦးက ဝန်ခံသဖြင့် အသီးသီးတရားစွဲတင်ခဲ့သည်ဟုဆိုသည်။

“ ကျူးလွန်တဲ့ တပ်မတော်သား သုံးဦးက ဝန်ခံပါတယ်။ ဝန်ခံတဲ့အတွက် သူတို့ သုံးဦးစလုံးကို စွဲချက်တင်တယ်။ တပ်မတော်သား တစ်ဦးကို စွဲချက် ၃ ခုနဲ့တင်တယ်။ ကျန်တဲ့ နှစ်ဦးကိုတော့ စွဲချက် နှစ်ခုနဲ့ တင်တယ်။ နစ်နာသူတရားလိုအတွက် တရားမျှတမှုကို ရရှိစေချင်တယ်။ သူ့အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်ကို ကျရောက်စေချင်တယ်” ဟု ပြောသည်။

တရားလို အမျိုးသမီးနှင့် အတူ စစ်ခုံရုံးသို့ အတူ တက်ရောက် နားထောင်ခဲ့သည့် ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက အားဓမ္မပြုကျင့်သူ တပ်မတော်သား ၃ ဦးကို လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်မတို့ကို အဲဒီအမှုနဲ့ပတ်သက်ပြီး ဒီနေ့ မနက်ပိုင်းက ခေါ်ယူစစ်တယ်ပေါ့။ အဲဒီမှာ ဗိုလ်မှူးကြီးတွေလည်း ပါတယ်။ တရားခံတွေကို အပြစ်ရှိကြောင်း သူတို့က သုံးသပ်တာတွေကို တွေ့ရတယ်။  စွပ်စဲခံတရားခံတွေဖြစ်တဲ့ အဲဒီတပ်မတော်သား ၃ ဦးလည်းပါတယ်။ သူတို့ အမှုကို စစ်ဆေးတာကို ဝန်ခံတာကိုလည်း ကျွန်မတို့ တွေ့ရတယ်။ အဲဒီမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ အမိန့်ချမှတ်မယ်ဆိုပြီးတော့ သူတို့ ပြောတာရှိပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး စစ်ဆေးမှုပြုလုပ်သည်မှာ ယနေ့ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဒေါ်ညိုအေးက ပြောသည်။

ဇွန်လ ၂၉ ရက်နေ့ ည ၆ နာရီကျော်အချိန်ခန့်က ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာအတွင်းသို့ ဝင်ရောက်လာသော တပ်မတော်စစ်ကြောင်းတစ်ခုမှ စစ်သား ၃ ဦးသည် အဆိုပါ ကျေးရွာမှ အသက် ၄ဝ အရွယ် ကလေး ၄ ဦး၏ မိခင်တစ်ဦးအား ယင်းနေ့ညဉ့်အချိန်က အိမ်တွင် မိသားစုများနှင့် ပုန်းအောင်းနေကြစဉ် တစ်ယောက်တည်းခေါ်ယူ ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ဝ ရက်နေ့က စစ်တွေမြို့ အမှတ် (၁) ရဲစခန်း၌ အားဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့် ကြံစည်ခံခဲ့ရသူ သူမ၏ သမီးဖြစ်သူတို့ သွားရောက်အမှုဖွင့်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို စစ်ခုံရုံးဖွဲ့ကာ စစ်ဆေးခဲ့သည်။

ဆက်စပ် သတင်းများ