အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

“ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့သူတွေကို တရားဥပဒေအရစီရင်မှုအားနည်းနေတယ်”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7k

သျှင်မင်းဇံ
နိရဥ္စရာ၊ ၁ဝ ဒီဇင်ဘာ ၂ဝ၂ဝ

ဒီကနေ့ ဒီဇင်ဘာ ၁ဝ ရက်နေ့ဟာ (၇၂) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြည်တွင်းလက်နက်ကိုင်စစ်ပွဲတွေကြောင့် ဒေသခံပြည်သူ အများအပြားဟာ လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရပါတယ်။  လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအထဲမှာ  အမျိုးသမီးတွေနဲ့ ကလေး သူငယ်တွေလည်း ပါဝင်တယ်။ တိုက်ပွဲအတွင်း  ကလေးသေဆုံးမှုနှုန်းဟာ အများဆုံး ရခိုင်ပြည်နယ် အများဆုံးဖြစ်တယ်လို့လည်း လူ့အခွင့်အရေး လူပ်ရှားသူတွေက ထောက်ပြ ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း နေ့စဉ်လိုလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံထဲက လူ့အခွင့်လူပ်ရှားနေသူတွေကို ဆက်သွယ် မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

ဦးအောင်မျိုးမင်း ( ဒါရိုက်တာ/ ညီမျှခြင်းမြန်မာ)
“စစ်ပွဲဖြစ်လာပြီတွေ ပဋိပက္ခဖြစ်လာပြီဆိုလို့ရှိရင်တော့ အပြစ်မဲ့ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာ ဓမ္မတာပါ။ အဲထဲမှာမှ ပိုပြီးတော့ ဆိုးတာကတော့ သေဆုံးမှုကလေးအားလုံးက ရခိုင်ပြည်နယ်မှာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဘာကြောင့်သေဆုံးရလေ ဆိုလို့ရှိရင်တော့ ကလေးတွေနေတဲ့ ကျောင်းတွေ၊ ကလေးတွေ ခိုလှုံနေတဲ့ နေရာတွေကို လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် သေဆုံးပါတယ်။ ဒါကတကယ့်ကို ဆိုးဝါးသော လူ့အခွင့်ရေးချိုးဖောက်မှုနဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုမြောက်တဲ့ အဆင့်ထိဖြစ်ပါတယ်။ ပိုမိုပြီးတော့ ဆိုးဝါးတာ တစ်ခုကတော့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေရုံမက ကျူးလွန်တဲ့သူကို တရား ဥပဒေအရ စီရင်မှုအားနည်းနေတဲ့ ကိစ္စတစ်ခုပါ။”
 
ဦးဇော်ဇော်မင်း (ရှေ့နေ/ ရခိုင်ပြည်နယ် လူ့အခွင့်အရေးမြင့်တင်သူများအဖွဲ့၏တာဝန်ခံ)
“လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ဆိုရင် မြန်မာ့အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ မြန်မာ့နိုင်ငံမှာ အမြင့်ဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ အဲဒီကော်မရှင်ကနေပြီးတော့ ထိရောက်တဲ့စုံစမ်းစစ်ဆေးမှုတွေလည်း မပြုလုပ်ဘူး။ တိုင်လာတဲ့အပေါ်မှာ ဖြေရှင်းမှုတွေလည်း မပြုတာဟာ လျစ်လျူရှုပြီး ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးထားသလို ဖြစ်နေတယ်။ မြန်မာ့အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်တာတွေကို စုံစမ်း စစ်ဆေးပြီးတော့ ထိရောက်တဲ့အရေးယူမှုတွေ မပြုလုပ်နိုင်တာဟာ သူတို့ကလူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးအားမြောက်သလို့ ဖြစ်နေတယ်လို့တော့ မြင်တယ်” ဟု ပြောသည်။
 
မဦးခင်သိန်း (ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်)
“လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ အများဆုံးဖြစ်နေတာက ကလေးသူငယ်တွေနဲ့ ပြီးတော့ အမျိုးသမီးတွေ ဖြစ်တယ်။ မတရားပုဒ်မတွေ၊ အကြမ်းဖက်ပုဒ်မတွေ တပ်ပြီးတော့ စွဲဆိုထားတဲ့ အမှုတေ ရှိတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ စစ်ကြောင်းဖြတ်သန်းတဲ့နေရာမှာ အမျိုးသမီးတွေ မတော်မတရား ပြုကျင့် ခံရတာတွေရှိတယ်။ ညှမ်းပမ်းနှိပ်စက် ခံရတာတွေရှိတယ်။ သူတို့အနေနနဲ့ စစ်ကို စစ်သဘောအရဘဲ တိုက်ရမယ်။ ဓါးစာခံပြီးတော့ အမျိုးသမီးတွေကို သုံးလို့မရဘူး။ ဖမ်းလို့မရဘူး။ အမျိုးသမီးတွေ အနေနဲ့ လွတ်လပ်စွာသွားလာလှုပ်ရှားခွင်၊့ လွတ်လပ်စွာသူ့ရဲ့နေရာဒေသတွေမှာ နေထိုင် ပိုင်ခွင့်တွေရှိရမယ်။ အဲသလိုမျိုးနေထိုင်တဲ့ အမျိုးသမီးတွေကို ကျူးလွန်တာတွေ၊ ခြိမ်းခြောက်တာတွေ၊ အနိုင်ကျင့်တာတွေရှိတယ်။ ဒီလိုမျိုး ပြစ်မှုကျူးလွန်သူတွေကို တစ်စုံတစ်ရာ အရေးမယူ ခွင့်ပြုထားတာဟာ ဆိုလို့ရှိရင် ဒါဟာ အစိုးရ တစ်ရပ်အနေနဲ့ သူတို့ကိုယ်တိုင် အခွင့်ရေးကို ချိုးဖောက်တာပဲ။ တကယ်လို့များ လူ့အခွင့်ရေး ကော်မရှင် အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုင်လာရင် မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက် ပေးရမယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်ရမယ်။ ဒါဟာ လူ့အခွင့်ရေး ချိုးဖောက်တယ်လို့ရှိရင် အရေးယူရမယ်။ ဘယ်သူပဲ ဖြစ်နေဖြစ်နေ အရေးယူကိုယူပေးရမယ်။ အခုက ဘာမှပြန်မလာဘူး။ ဒါဟာ လူ့အခွင့်ရေး ကော်မရှင် တစ်ရပ်အနေနဲ့ ဂုဏ်သိက္ခာရှိတာ မဟုတ်ဘူး။ အဲဒါကျတော့ လူ့အခွင့်ရေး စာလုံးအောက်မှာ  အရမ်းကို ရှက်စရာကောင်းတဲ့ အနေအာထားပါ” ဟု ပြောသည်။
ဟု ပြောသည်။

ကိုကျော်ဆန်းလှိုင် (ဒါရိုက်တာ PDi- Kintha/Peace & Development Initiative)  
“လူ့အခွင့်အရေးနေ့ အတွက် လမ်းလျှောက်တဲ့ သူတွေကို ရဲက ဖမ်းတဲ့ အလုပ်တွေက ကျွန်တော်ထင်တယ် အရမ်းကို အာဏာရှင် ဆန်တယ်။ ဒီမိုကရေစီရဲ့ စံနှုန်း စံထားတွေကို ဘာမှာ လိုက်နာတာ မရှိဘူး။ တကယ်တော့ လူ့အခွင့်အရေး သမားတွေကို ရဲတွေနဲ့ အစိုးရအဖွဲ့တွေက ကာကွယ်ပေးရမှာပေါ့” ဟု ပြောသည်။

(၂) နှစ်တာစစ်ပွဲကာလအတွင်း  အရပ်သားသေဆုံးမှုများ  ၃ဝဝ ကျော်နှင့် ထိခိုက်ဒဏ်ရာသူများ ၆ဝဝ ကျော်ခန့်  အထိ ရှိနေကြောင်း REC ၏ စာရင်းအရသိရသည်။
(ပြီး)

ဆက်စပ် သတင်းများ