သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စည်မော်ရွာသား ၇ ဦးထဲမှ တစ်ဦးကိုပြန်လွှတ်၊ ကျန် ၆ ဦးကို စခန်းထဲသို့် ခေါ်ဆောင်သွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂/၂ဝ၂ဝ

ဖမ်းဆီးထားသည့် ကျောက်ဖြူမြို့နယ်မှ ရွာသား ၇ ဦးထဲမှ တစ်ဦးအား ပြန်လွှတ် ပေးလိုက်ကာ ကျန် ၆ ဦးအား ဓညဝတီ ရေတပ်စခန်းထဲသို့ ခေါ်ဆောင်သွားကြောင်း ပြန်လွတ်လာသူက ဦးမောင်ခင်သန်း ပြောသည်။

အသက် (၅ဝ) အရွယ် ဦးမောင်ခင်သန်းအား ယမန်နေ့ ည ၇ နာရီခွဲခန့်တွင် ပြန်လွှတ်ပေးခဲ့ပြီး ကျန်လူများကို တပ်စခန်းထဲသို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။

ခေါ်ဆောင်ခံရသူ ကျေးရွာသား ၆ ဦးမှာ ဦးလှမောင် (၅ဝ) နှစ်၊ ကိုဝေတာအောင် (၂၅) နှစ်၊ ကိုညီညီဆန်း (၂၇) နှစ်၊ ကိုချလုံး (၁၉) နှစ်၊ ကိုမောင်ထွန်းကြည် (၂၂) နှစ်နှင့် ကိုမောင်မြင့်အောင် (၁၉) နှစ်တို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်နဲ့ ဝေတာအောင်က သားဖ အရင်းတွေပါ။ ရွာထဲကို စစ်သားတွေ ဝင်တဲ့နေ့က နွားမ ကလေး မွေးမလို့ သားဖနှစ်ယောက် နွားရှိတဲ့ ရွာပြင်နားလေးကို သွားတာ မနက်အစောကြီးပေါ့။ အဲဒီမှာ စစ်သားတွေက ရွာထဲက ထွက်လာတာနဲ့ တွေ့ပြီး အဖမ်းခံရတာ။ ကျွန်တော်တိုနဲ့ စစ်သားတွေတွေ့တော့ အဲဒီ စစ်သားတွေနဲ့ အတူ ဦးလှမောင်လည်း ပါလာတယ်။ သူတို့က တွေ့တဲ့သူကို လိုက်ဖမ်းရင်းနဲ့ စုစုပေါင်း ၇ ယောက် ဖြစ်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ ၇ ယောက်နဲ့ ဒိုးမတောင်ရွာကို ဝင်တယ်။ ထမင်းတော့ မနေ့က ညနေဘက်တစ်ချိန်ပဲ ကျွေးပါတယ်။ အဲဒီတစ်ခါပဲ စားခဲ့ရတယ်။ ဒိုးမတောင်က ညနေ ၇ နာရီလောက် ထွက်လာတော့ ကျွန်တော်တို့ရွာအနားရောက်တာနဲ့ ကျွန်တော့်ကို ပြန်လွှတ်ပေးတယ်။ ကျန် ၆ ယောက်ကို ရေတပ်စခန်းထဲကို ခေါ်သွားပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ကျေးရွာသား ၆ ဦးအား စည်မော်ကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ တည်ရှိသည့် ဓညဝတီ ရေတပ်စခန်းထဲသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်ခင်သန်းက ပြောသည်။

ယင်း ကျေးရွာသား ၆ ဦး၏ မိသားစုဝင်များက ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါ တပ်မတော်စခန်းသို့သွားကာ ဖမ်းဆီးထားသူများနှင့် တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မပေးလိုက်ကြောင်း၊ မိသားစုဝင်များအနေဖြင့် အလွန ်စိုးရိမ်ကြောင့်ကြလျှက်ရှိကြောင်း၊ ဖမ်းဆီးခံထားရသည့်  ၆ ဦးထဲမှ မောင်မြင့်အောင်မှာ တက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်ကြောင်း ဦးမောင်ခင်သန်းက ပြောသည်။

စည်မော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကိုနိုင်ဦးကလည်း ကျေးရွာသား ၆ ဦးမှာ ပြန်လွတ်လာခြင်းမရှိသေး၍ ၄င်းတို့အတွက် စိုးရိမ်ကြောင်း ဆိုသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “ကျွန်တော် လွတ်လာသူကို မေးမြန်းလို့ရသလောက်ဆိုတော့ သူတို့က အထောက်အထား ဒါတွေကြောင့်ဆိုပြီး ဖမ်းတာမျိုးလည်း မဟုတ်ဘူးပေါ့နော်။ အတတ်နိုင်ဆုံးတော့ ကြိုးစားရမယ်။ အခုအချိန်မှာတော့ခါ အားလုံးကလည်း ပွင့်ပွင့်လင်းလင်းလည်း သိသွားကြပြီဆိုတော့ သူတို့ကလည်း ဥပဒေမဲ့လုပ်တဲ့ ပုံစံမျိုးတော့ လုပ်လို့မရဘူး။ လုပ်ချင်တိုင်း လုပ်တာကိုတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လက်တော့မခံဘူး။ အတတ်နိုင်ဆုံး သူတို့ပြန်လွတ်ဖို့အတွက်တော့ ကျွန်တော်ကြိုးစားသွားမယ်လို့ ပြောချင်တယ်။” ဟု ပြောသည်။

ဆက်စပ် သတင်းများ