သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် အပေါက်ဝစျေးမှစားကုန်ပစ္စည်းငွေမပေးဘဲ စစ်သားများယူဆောင်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း စျေးကော်မတီဥက္ကဋ္ဌကိုခံဝန်လက်မှတ်ရေးထိုးခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စျေးရောင်ချနေသည့် စျေးသည်များ ထံမှ စားသောက်ကုန်ပစ္စည်းများကို စစ်သားအချို့မှ ငွေမပေးဘဲ ယူဆောင်သွားခဲ့သည်ဟု သတင်းများ ထွက်ပေါ် လာပြီးနောက်  အပေါက်ဝစျေးကော်မတီဥက္ကဋ္ဌထံသို့ တပ်မတော်တာဝန်ရှိသူများ ရောက်ရှိလာပြီး ခံဝန်ချက် လက်မှတ် ရေထိုးကာ ယူဆောင်သွားခဲ့သည်ဟု သိရသည်။

အပေါက်ဝစျေးကော်မတီဥက္ကဋ္ဌ ဦးစံလှိုင်က “မနက်က စျေးမှာ ဝင်ပြီး စားသောက်ကုန်တွေကို ယူသွားတာကို ကျွန်တော်တို့ ကြားပါတယ်။ ဒါပေမယ့် မျက်မြင်တော့ မဟုတ်ဘူးပေါ့နော်။ အဲဒါဖြစ်ပီးတဲ့နောက် အမှတ်  ၅၃၉ တပ်ရင်းက ဗိုလ်တွေ အပါအဝင် တပ်သား ၈ ယောက်လောက်က ကျွန်တော့်ဆီကို စာရွက်တစ်ခုနဲ့ ရောက်လာပါတယ်။ မနက်က ဖြစ်တဲ့ ကိစ္စတွေကို ကြားလိုက်လား မေးပါတယ်။ အဲဒါကို သူတို့အနေနဲ့ တပ်သားတွေကို ဆုံးမထားတယ်လို့ ပြောပါတယ်။ အဲဒီကိစ္စအတွက် ဦးလေးတို့၊ ရပ်လူကြီးတွေကိုလည်း တောင်းပန်မယ်လို့ ပြောပါတယ်။ နောက်နောင်မဖြစ်ရအောင် ကျွန်တော်တို့ ကြိုးစားပါ့မယ်လို့ ပြောပါတယ်။ သူတို့ ဒီရွာမှာ နေလာတာလည်း တစ်လကျော်ပြီပေါ့၊ အဲဒီအတောအတွင်း ဘာတစ်ခုမှ ယူစားတာမရှိဘူးပေါ့ ဆိုပြီးတော့ ပြောပါတယ်” ဟု ပြောဆိုသည်။

၎င်းနောက် စာရွက် တစ်ရွက်တွင် ခံဝန်လက်မှတ်ရေးထိုးပါဟု ပြောသဖြင့် ရေးထိုးလိုက်ရကြောင်း၊ ခံဝန်ချက်စာထဲတွင် အပေါက်ဝကျေးရွာအတွင်းက ရောင်းချစားသောက်နေကြသည့် နေရာတွင် စားသောက်ကုန်များကို အတင်းအဓ္ဓမ ကောက်ယူခြင်း မရှိကြောင်း၊ ကျေးရွာအတွင်း မဟုတ်မတရား၊ မတော်မတရားဘဲ ဖမ်းဆီး ခေါ်ဆောင်မှု မရှိကြောင်း ပါရှိသည်ဟု ဆိုသည်။

“ အဲဒီအတွက် ခံဝန်ချက် လက်မှတ်ထိုးပေးဆိုပြီး  ပြောလာလို့ ကျွန်တော် လက်မှတ်ထိုးပေးလိုက်ရပါတယ်။ နောက်နောင် မဖြစ်စေရအောင် သူတို့ကြိုးစားသွားဖို့ ပြောပါတယ်။ ကျွန်တော်က ပြည်သူအနေနဲ့ ရှေ့နဲ့နောက်မှာ ရှေ့ကိုကြည့်ပြီး လုပ်ပေးရတာပေါ့နော်။ ကိုယ်တို့မှာက ဘာမှမရှိဘူးလေ။ လက်နက်လည်း မရှိဘူး။ ဆိုတော့ သူတို့ပြောရင် ပြောတဲ့အတိုင်း၊ သူတို့ကလည်း ယူနီဖောင်းတွေနဲ့ လက်နက်တွေနဲ့ရောက်လာကြတာဆိုတော့ လုပ်ပေးရတာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

ယနေ့ နံနက် ၈ နာရီခန့်က အင်အား ၂ဝ ခန့်ပါသည့် တပ်မတော်သားများက အပေါက်ဝရွာ စျေးမှ စားသောက်ကုန်များကို ငွေမပေးဘဲ ယူသွားကြောင်း စျေးသည်များက ပြောဆိုထားသည်။

အမည်မဖော်လိုသူ စျေးသည်တစ်ဦးက “ကျွန်တော်တို့မှာ ငါးခြောက်တွေ ပါသွားတယ်။ ငါးခြောက်ဆိုတော့ သိပ်ငွေ ပမာဏမများဘူးပေါ့နော်။ တစ်ခြား ဘေးနားက ကြက်သား၊ ဝက်သားတွေပါသွားတဲ့ သူတွေမှာဆိုရင်တော့ ငွေပမာဏ နည်းနည်းများတာပေါ့။ သူတို့က ငွေမပေးရင် ဘာဖြစ်လဲလို့ ပြောပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကုန်စုံဆိုင်ရောင်းသူ အမျိုးသမီးတစ်ဦးက “ကျွန်မမှာ ကုန်စုံဆိုင်ရောင်းတာပါ။ အရက်ပုလင်းတွေ ပါသွားတယ်။ တခြား မုန့်ခြောက်ထုပ်တွေလည်း ပါသွားပါတယ်။ စျေးခကောက်တယ်လို့ ပြောပါတယ်။ ဒီလိုနေ့တိုင်းလာကောက်မယ်ဆိုပြီး ပြောပါတယ်။ ကျွန်မဆိုင်ရှေ့က ငါးရောင်းတဲ့သူတွေဆီက ငါးတွေကိုလည်း ယူသွားတယ်။ တစ်စျေးလုံးက ကောက်ယူ သွားတာပါ။ ငွေလည်း တစ်ပြားမှ မပေးဘူး” ဟု ပြောသည်။

၎င်းပြင် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၇ နာရီခန့်က အပေါက်ဝကျေးရွာမှ ကားဂိတ်မှူး ဦးသိန်းထွန်း၏ သား အသက် ၁၈ နှစ်အရွယ် မောင်အောင်နေဝင်းမှာ ၄င်း၏ အိမ်၌ ရှိနေစဉ် တပ်မတော်သားအချို့က ကားဂိတ် အနီးရှိ လမ်းမတစ်ခုပေါ်မှ မောင်နေဝင်းအား ခေါ်ထုတ်ကာ ရိုက်နှက်ခဲ့ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

“အောင်နေဝင်းက အိမ်ပေါ်မှာရှိနေတာ သူ့သူငယ်ချင်းနဲ့အတူပေါ့။ အဲဒါကို စစ်သားတွေက အပြင်က ခေါ်ပြီး ရိုက်တယ်။ သူက ဆယ်တန်းတက်နေတဲ့ ကောင်လေးပါ။ ရိုက်နှက်တဲ့အတွက် ခေါင်းတွေ၊ မျက်ခုံးတွေမှာ ကွဲသွားပါတယ်။ ကျောကုန်းမှာလည်း ဒဏ်ရာတွေရှိပါတယ်” ဟု ဖခင်ဖြစ်သူက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ တပ်မတော်သားများထံ ပါရှိသည့် တုတ်ချောင်းများဖြင့် မောင်အောင်နေဝင်းအား ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ရိုက်နှက်ပြီးနောက် ယင်းနေ့ ညနေ ၈ နာရီကျော်ခန့်က ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

အပေါက်ဝကျေးရွာထဲတွင် နေထိုင်သည့် တပ်မတော်သား ၃ဝ ခန့်ထဲမှ အချို့မှာ အပေါက်ဝကျေးရွာရှိ ရဲစခန်းတွင် နေထိုင်ကြပြီး အချို့မှာ ကားဂိတ်အနီးတို့တွင် နေကြကြောင်း ထိုကဲ့သို့ ယာယီနေထိုင်သည်မှာ တစ်လခန့် ရှိနေပြီ ဖြစ်ကြောင်း အပေါက်ဝကျေးရွာများ ပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ “မနေ့ ညနေက ကောင်လေးတစ်ယောက် ရိုက်နှက်ခံရတယ်ဆိုပြီး အဲဒီရွာက ဖုန်းဆက်လာလို့ သိရတယ်။ သူ့ကို ဆေးခန်းပို့ဖို့အတွက် အဲဒီလမ်းတစ်လျှောက်လည်း တပ်မတော်သားတွေ ရှိနေလို့ လမ်းကြောင်းမရှင်းတဲ့အတွက် ဆေးခန်းမပို့လိုက်ရဘူးလို့ ပြောပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား နိရဥ္စရာမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့သဖြင့် တပ်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

အလားတူ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးသိန်းဇော်အပါအဝင် ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်လှယ် ဦးမြင့်နိုင်တို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အား ဆက်သွယ်ခဲ့ရာ သူ့အနေဖြင့် ယင်းသတင်းအား ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့်သာ သိရရှိထားပြီး အတည်မပြုနိုင်သေးကြောင်း ပြောသည်။

ဆက်စပ် သတင်းများ