တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မောင်တောခရိုင်နှင့် ပလက်ဝမြို့နယ်ရှိ အစိုးရဝန်ထမ်းများကို လစာ ၂ ဆ ဆက်လက်ခံစားခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

ပိုးဝါ
နိရဥ္စရာ၊ မတ် ၃/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အစိုးရဝန်ထမ်းများအား မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းဒေသများရှိ အစိုးရဝန်ထမ်းများကို လက်ရှိအခြေအနေအရ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွက် မူရင်းလစာ၏ ၂ ဆနှင့် မောင်တောမြို့နယ်အတွင်းမှ နေ့စားအလုပ်သမားများအား နေ့စားလုပ်ခ ၆,၅ဝဝ ကျပ်ကို ဆက်လက်ခံစားခွင့်ပြုကြောင်း သိရသည်။
မောင်တောမြို့နယ်မှ ထွေ/အုပ်စာရေးတစ်ဦးက မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် ကုန်စျေးနှုန်းမြင့်မားသည့်အတွက် ၂ ဆ ခံစားခွင့်ရှိမှသာ အဆင်ပြေကြောင်း နိရဥ္စရာကို ပြောသည်။
"မောင်တောမှာက အားလုံးအစစအရာရာစျေးကြီးတယ်။ ၂ ဆဆိုမှ တော်ကာကျတယ်။ ရတာနဲ့စားတာကွက်တိပဲ။ နေရတာကလည်း အန္တရာယ်များတယ်။ တာဝန်ကျနေရာတွေက ချောင်ကြိုချောင်ကြား သွားလာနေရတာကိုး။ တခြားနေရာဒေသတွေထက်လည်း စိုးရိမ်ရတယ်"ဟု ပြောသည်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင်ဖြစ်ပွားခဲ့သည့်ပဋိပက္ခများကြောင့် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိလည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလမှစ၍ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလများအထိ မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ၃ လ ၁ ကြိမ် အမိန့်ကြော်ငြာစာများထုတ်ပြန်ကာ ပြောင်းလဲပြင်ဆင်ခံစား ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ