တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မောင်တောခရိုင်ရှိ အစိုးရဝန်ထမ်းများကို နောက်ထပ်သုံးလ (ဧပြီ၊မေ၊ဇွန်) လစာနှစ်ဆခံစားခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၂

မောင်တောခရိုင်အတွင်းရှိ မြို့နယ် ၂ ခုဖြစ်ကြသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့မှ အစိုးရ ဝန်ထမ်းများကို နောက်ထပ် ၃ လ (ဧပြီ၊ မေ၊ ဇွန်) လစာနှစ်ဆ ခံစားခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က လက်မှတ် ရေးထိုး ထုတ်ပြန်သည်။

ယင်းအပြင် နေ့စားအလုပ်သမားများ နေ့စားလုပ်ခကိုလည်း ကျပ် ၆၅၀၀ နုန်းဖြင့် အထူးကိစ္စတစ်ရပ်အနေဖြင့် ခံစားခွင့်ပြုကြောင်း ဖော်ပြထားသည်။

မောင်တောခရိုင်အတွင်းရှိ အစိုးရဝန်ထမ်းများအား ဒေသလုံခြုံရေးအရ ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ အတွက်မှ စ၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ အထိ လစာ နှစ်ဆ ခံစားခွင့်ပြုခဲ့သည်ဟု သိရသည်။

နောက်ထပ် ဧပြီ၊ မေနှင့် ဇွန် ၃ လကို ဆက်လက်ခံစားခွင့်ပြုကြောင်း ဧပြီ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၂၂ တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်၌ တည်ရှိသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရ ဝန်ထမ်းများသည် ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို တစ်ခြား ဒေသများထက် ပိုမို ခံစားနေရသည့်အပြင် လုံခြုံရေးအရလည်း စိုးရိမ်ရသဖြင့် တာဝန် ထမ်းဆောင်လိုစိတ် နည်းပါးလာရာမှ အစိုးရက ၂၀၁၆ ခုနှစ်စပြီး လစာ ၂ ဆ ထောက်ပံ့ပေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ