ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှ
သစ်ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု
သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်မှ ဦးအောင်ကျော်မြ(၆၀)နှစ်ဖြစ်သည်။
သူ့ကို ယနေ့ ဒီဇင်ဘာ ၄ ရက်၊ ညနေ ၄ နာရီခန့်က
မြို့ထဲတွင်လှည့်ပတ်နေသည့် မြောက်ဦးမြို့ ၃၇၇ တပ်မှ စစ်သားများက သစ်ဆိုင်အတွင်းသို့ဝင်ရောက်ပြီး
ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မြို့ထဲမှာ စစ်သားတွေပတ်နေကြတာ။ အုပ်စုလိုက်ကြီး။ သစ်ဆိုင်က
ဦးလေးကို ဆိုင်ထဲကိုဝင်ဖမ်းသွားတာတွေ့လိုက်တယ်။ဘာကြောင့်လဲမသိဘူး။
ဖမ်းချင်တဲ့လူတွေကိုဖမ်းနေတာပဲ" ဟုပြောသည်။
သူ့ကို မြောက်ဦးမြို့ ၃၇၇ တပ်တွင် ဖမ်းဆီးထားသည်ဟု သိရသည်။
အလားတူ ယနေ့နေ့လယ်ကလည်း ဗန္ဓုလရပ်ကွက်၊ စံကားတောင်ပေါ်မှ စစ်ကောင်စီအင်အား
၅၀ ကျော်တောင်ပေါ်မှဆင်းလာပြီး ဇိနမာရ်အောင်သိမ်တော်အနီးသို့အရောက်တွင် အသက် ၂၀
ကျော်အရွယ်လူငယ်နှစ်ဦးကိုဖမ်းဆီးသွားခဲ့ပြီးနောက် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများက
ပြောသည်။
စစ်ကောင်စီသည်အပြစ်မဲ့သည့် လမ်းသွားလမ်းလာများနှင့်
လူမှုရေးလှုပ်ရှားသူများ၊ စီးပွားရေးသမားများကို
လိုက်လံဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လာနေသည်ဟု မြောက်ဦးမြို့ခံတစ်ဦးက
နိရဉ္စရာကိုပြောသည်။
မြောက်ဦးမြို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယနေ့မွန်းလွဲမှစတင်ကာ
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့ပေါ်တွင် သေနတ်များအဆက်မပြတ်ပစ်ခတ်နေခဲ့သည်ဟု
မြို့ခံများက ပြောသည်။
မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ
ဘုန်းကြီးကျောင်းရှေ့တောင်ထက်ပေါ်တွင်မွန်းလွဲ ၁၂ နာရီကျော်တွင် စစ်သား ၅၀ ခန့်က
သေနတ်အချက်၂၀ ကျော်ပစ်ဖောက်ခဲ့သည်ဟု မြောက်ဦးမြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
ယင်းအပြင် မြောက်ဦးမြို့ပေါ် ဗန္ဓုလတံတားထိပ်မှ စံကားတောင်ပေါ်တွင် တပ်စွဲနေရာယူထားသည့်အဖွဲ့မှ သေနတ်အချက် ၃၀
ခန့်ဖောက်ခဲ့သည်ဟုလည်း ဗန္ဓုလရပ်ကွက်မှဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများသည့် ဇိနမာရ်အောင်ဘုရားသိမ်တော်တွင်တစ်ဖွဲ့၊
ဘုရားရှေ့ပန်းထိမ်တောင်တွင်တစ်ဖွဲ့ခန့်ရှိနေပြီး အင်အား ၁၀၀ ခန့်ရှိကြောင်း
ဒေသခံများကပြောသည်။
ရက္ခိုင့်တပ်တော်သည် မြောက်ဦးခရိုင် ရှေးဟောင်းသုတေသန ဦးစီးဌာန
လက်အောက်ရှိ ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ် ၃ စင်း၊ ခရိုင်ဖွံ့ဖြိုးရေးအတွက်
အသုံးပြုနေသည့် ယာဉ်များ၊ ကျေးလက်ဦးစီးဌာနပိုင်ယာဉ်နှင့် သာသနာရေးဦးစီးဌာနပိုင်ယာဉ်များကို
လက်နက်ငယ်များနှင့် ခြိမ်းခြောက် ရယူသွားပြီး ၎င်းတို့ အဖွဲ့အတွက် သုံးစွဲနေကြာင်း
စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ဒီဇင်ဘာ
၃ ရက်နေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထူးခြား ဖြစ်စဉ်များနှင့် ပတ်သက်ပြီး
ပြောကြားရာ၌ ထိုသို့
ထည့်သွင်း ပြောကြားသွားခဲ့သည်။
ဓာတ်ပုံ - ပုံဟောင်း