ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

သတင်းထောက်၂ ဦးကိုသတ်ဖြတ်သွားသည့်စစ်တပ်၏လုပ်ရပ် ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချကြရန် သတင်းမီဒီယာအဖွဲ့အချို့ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 620

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၂၅ / ၂၀၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားသည့် သတင်းထောက်၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ဝိုင်းဝန်း ကန့်ကွက်ရှုတ်ချကြရန် သတင်းမီဒီယာအဖွဲ့အချို့က ထုတ်ပြန်တောင်းဆိုလိုက်သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)နှင့် လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)တို့က သြဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်ကြခြင်းဖြစ်သည်။

သတ်ဖြတ်ခံလိုက်ရသည့်သတင်းထောက်များမှာ လွတ်လပ်သောဒီမိုကရက်တစ်အသံ (DVB)မှ ဒေသအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦး (ခ) ဖိုင်ဇယ်နှင့် The Nation Voice မှ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူတို့ဖြစ်သည်။

သူတို့သည် သြဂုတ်လ ၂၁ ရက်တွင် ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ ကိုထက်မြတ်သူ၏နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဥ် သေနတ်ဖြင့်ပစ်ခတ်ခံလိုက်ရ၍ သေဆုံးသွားကြရခြင်းဖြစ်သည်ဟု IPCM ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါ ဖြစ်ရပ်က အာဏာသိမ်း စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံအတွင်းရှိ သတင်းသမားများ အသက်အန္တရာယ် လုံခြုံမှုမရှိဘဲ အကာအကွယ်မဲ့နေသော အခြေအနေကို မီးမောင်းထိုးပြလျက်ရှိသည်ဟု IPCM က ထောက်ပြသည်။

ယင်းကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာရှိ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများကာကွယ်ရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် အစိုးရများက သွေးစည်းညီညွတ်ကြောင်း ပြသသည့်အနေဖြင့် မြန်မာနိုင်ငံရှိ လူမဆန်သော အာဏာသိမ်း စစ်ကောင်စီအား မဆက်ဆံဘဲ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြရန် IPCM က တိုက်တွန်းထားသည်။

အလားတူ IMJA ထုတ်ပြန်ချက်တွင် ကိုဝင်းထွဋ်ဦးမှာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသဖြင့် ကိုထက်မြတ်သူနေအိမ်တွင် လျှို့ဝှက်နေထိုင်နေသူဖြစ်သည်ဟု ဆိုထားသည်။

ကိုထက်မြတ်သူမှာလည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ထောင်မှလွတ်လာခဲ့သူဖြစ်သည်ဟု ဆိုသည်။

သူတို့နှစ်ဦးသည် သတင်းအလုပ်ကို လျှို့ဝှက်လုပ်ကိုင်နေကြစဥ် စစ်ကောင်စီက ဝင်ရောက်ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု IMJA ၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယခုကဲ့သို့ သတင်းသမားများကို ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချနေသော စစ်ကောင်စီကို နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ထိထိရောက်ရောက် ဖိအားပေးကန့်ကွက်ပြီး အရေးယူမှုများ ပြုလုပ်ကြရန်လည်း IMJA က တောင်းဆိုထားသည်။ 

ရခိုင့်ဝါရင့်သတင်းထောက်တစ်ဦးကလည်း "သူတို့က မထင်ရင် မထင်သလို ပစ်ခတ်သတ်ဖြတ်နိုင်တဲ့ လိုင်စင်ရလူသတ်သမားတွေလိုဖြစ်နေကြပြီ။ သတင်းထောက်တွေ သတ်ဖြတ်ဖမ်းဆီးခံရတာတွေဟာ တကယ့်မြေပြင်က သတင်းအမှန်တွေ၊ စကစရဲ့ ရှုံးနေပြီဖြစ်တဲ့ စစ်ရေးအခြေအနေတွေကို ပြည်သူတွေသိမှာစိုးလို့ အခုလိုသတ်ဖြတ်တာဖြစ်တယ်လို့ပဲ ဆိုချင်ပါတယ်"ဟု ပြောသည်။

စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းမှ သြဂုတ်လ ၂၃ ရက်အထိ မြန်မာနိုင်ငံအတွင်း သတင်းသမား ၇ ဦး သတ်ဖြတ်ခံရပြီး ၁၇၇ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု စစ်တမ်းများအရ သိရသည်။

ဖမ်းဆီးခံခဲ့ရသည့်သတင်းသမားများအနက် ၅၀ ဦးသည် ပုဒ်မအမျိုးမျိုးဖြင့်ထောင်ချခံထားရပြီး အကျဥ်းထောင်ထဲ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိဘဲဖြစ်နေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် သတင်းသမားများအပေါ် သတ်ဖြတ်မှု၊ ပစ်မှတ်ထားဖမ်းဆီးမှုများကို ရပ်တန့်ပြီး ဖမ်းဆီးထားသော သတင်းသမားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း သတင်းမီဒီယာအဖွဲ့အစည်းများက တိုက်တွန်းတောင်းဆိုထားကြသည်။

ဓာတ်ပုံ - သတ်ဖြတ်ခံလိုက်ရသည့် အလွတ်တန်းသတင်းထောက်နှစ်ဦးအားတွေ့ရစဥ်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!