တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ကျေးငှက်မျိုးစိပ်များထိန်းသိမ်းရေး အသိပညာပေးအနေဖြင့် ရမ်းဗြဲကျွန်းတွင် ငှက်အိမ်များ စတင်ချိတ်ဆွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.7k

နိရဥ္စရာ၊ မတ် ၂ /၂၀၂၃

ရခိုင်ဒေသတွင်နေထိုင်ကျက်စားသည့် ငှက်မျိုးစိပ်များမျိုးတုံးပျောက်ကွယ်မှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးသည့်အနေဖြင့် ရမ်းဗြဲကျွန်းမှ တောင်တန်း ၂ ခုတွင် ပထမဆုံးငှက်အိမ်များကို စတင်ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

ရမ်းဗြဲကျွန်း၊ လေးတောင်မြို့အနီးရှိ ကျောင်းတောင်နှင့် တန်းဖိုခါးတောင်တန်းနှစ်ခုရှိ သစ်ပင်ကြီးများတွင် ငှက်အိမ်အလုံး ၁၂၀ ကို မတ်လ ၂၇ ရက်တွင် စတင်ချိတ်ဆွဲခဲ့ကြောင်း ငှက်အိမ်ချိတ်ဆွဲရန် စတင်အကောင်ထည်ဖော်ခဲ့သည့် စာရေးဆရာအောင်ဇေမင်းက ပြောသည်။

"မနေ့က တန်းဖိုခါးတောင်နဲ့ ကျောင်းတောင်တွေမှာငှက်အိမ်တွေစတင်ချိတ်ဆွဲပါတယ်။ သစ်ပင်ကြီးတွေမှာ အဓိကချိတ်ဆွဲတာပါ" ဟု ပြောသည်။

ရမ်းဗြဲကျွန်းပေါ်တွင် ရှိသည့်ငှက်မျိုးစိပ်များမှာ တဖြည်းဖြည်းမျိုးတုံးပျောက်ကွယ်လာ၍ ယင်းသို့ငှက်အိမ်ချိတ်ဆွဲကာ အသိပညာပေး နှိုးဆော်ရန်စိတ်ကူးရသည့်အတွက် ငှက်အိမ်များ ချိတ်ဆွဲခြင်းဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါငှက်အိမ်တစ်လုံး၏ တန်ဖိုးမှာ အနည်းဆုံး ၄၀၀၀ ကျပ်ရှိပြီး လေးတောင်ဒေသထွက်သစ်၊ ဝါးများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာရေးဆရာအောင်ဇေမင်းအပါဝင် စေတနာရှင်များ၏ အလှူငွေများဖြင့် ယင်းငှက်အိမ်များကို ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။

ကျေးငှက်မျိုးစိပ်များ ထိန်းသိမ်းစောင့်ရှောက်မှု အသိပညာပေးအနေဖြင့် ချင်းတောင်တန်း ပေါ်တွင်လည်း ငှက်အိမ်အလုံး ၄၀၀ ခန့်ကို  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကျေးငှက်တိရစ္ဆာန်မျိုးတုံးပျောက်ကွယ်မသွားရေးဆောင်ရွက်နေသည့် ချင်းအမျိုးသား ဆလိုင်းအောင်မြင့်က ချိတ်ဆွဲထားပြီး ရခိုင်တွင် ယခုပထမဆုံးငှက်အိမ်များ ချိတ်ဆွဲအသိပညာပေးမှု ပြုလုပ်လာခြင်း ဖြစ်သည်။

ရခိုင်ဒေသတွင် နှစ်စဉ်လာရောက် ကျက်စားလေ့ရှိသည့် ဆောင်းခိုငှက်မျိုးစိပ်များအပါအဝင် ငှက်များကို ဖမ်းဆီးသတ်ဖြတ်ကာ စျေးကွက်တွင်ရောင်းချမှုများရှိနေ၍ တချို့ရှားပါး ငှက်မျိုးစိပ်များမှာ တဖြည်းဖြည်းမျိုးတုံးပျောက်ကွယ်လာကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

ရခိုင်ပြည်ထဲမှ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသည့် နံ့သာကျွန်းတွင်လည်း ကမ္ဘာ့ရှားပါးဆောင်းခိုငှက်မျိုးစိပ်တချို့ အပါအဝင် ငှက်မျိုးစိပ်ပေါင်း ၅၀ ခန့်ကျက်စား နေထိုင်လျက်ရှိသည်ဟု သိရသည်။

 

အဆိုပါငှက်များမှာ မဆင်မခြင် ဖမ်းဆီးသတ်ဖြတ်ရောင်းချခံရမှုကြောင့် မျိုးတုန်းပျောက်ကွယ်လာပြီး သစ်တောပြုန်းတီးမှုစသည့် ခြိမ်းခြောက်မှုအန္တရာယ်များကိုကြုံတွေ့နေရကြောင်း ရခိုင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နောင်စိုးက နိရဥ္စရာသို့ ပြောသည်။ (NN-23)

ဓာတ်ပုံ - ရမ်းဗြဲကျွန်းတွင် ငှက်အိမ်များချိတ်ဆွဲသည့် မြင်ကွင်းများ

Photos - စာရေးဆရာအောင်ဇေမင်း

ဆက်စပ် သတင်းများ