တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ရခိုင် ကျိန္တလီကမ်းခြေ လိပ်ထိန်းသိမ်းရေးဇုန်မှ လိပ်လှောင်းသားပေါက်များ ထပ်မံရေထဲဆင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.7k

နိရဥ္စရာ၊ ဧပြီ  / ၂၀၂၃

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာအတွင်းရှိ ပုန်းညက်ပင်လယ် လိပ်ထိန်းသိမ်းရေးဇုန်တွင် ထပ်မံသားပေါက်ခဲ့သည့် လိပ်လှောင်း ၄၆ ကောင်မှာ ရေထဲသို့ သဘာဝအတိုင်း ပြန်ဆင်းသွားခဲ့ကြောင်း သိရသည်။

ကျိန္တလီဒေသကမ်းနီးငါးလုပ်ငန်းပူးပေါင်းစီမံခန့်ခွဲမှုဧရိယာထဲတွင် ကမ်းခြေအရှည် ၂၄ မိုင်( ၁၇၉၂၀၀ ဧက)အား ဇုန်သုံးဇုန်ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားပြီး ရှားပါးလိပ်မျိုးစိတ်များ မျိုးမသုဉ်းသွားစေရေးအတွက် ဆောင်ရွက်နေရာ လိပ်လှောင်းသားပေါက်များကို ယခုလို ရေထဲလွှတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA)၏ အတွင်းရေးမှူး ဦးသန့်ဇင်ဦး(ခ)ကိုသားကြီးက  "ကျွန်တော်တို့ ဇုန်(၁)လိပ်ထိန်းသိမ်းရေးဇုန်ကပေါ့နော်။ မနေ့က ဧပြီ ၉ ရက်နေ့ညက ထပ်ပြီးသားပေါက်တဲ့ လိပ်လှောင်း ၄၆ ကောင်ပေါ့လေ။ အဲဒီညမှာပဲ ရေထဲ သဘာဝအတိုင်း ပြန်ဆင်းသွားတယ်ပေါ့နော်။ အရင်နေ့က ၁၄၅ ကောင်နဲ့ဆိုရင် ၁၉၁ ကောင်ရှိပါပြီ"ဟု နိရဉ္စရာကို ပြောသည်။

ဧပြီလ ၈ ရက်မနက်ပိုင်းက ပုန်းညက်လိပ်ထိန်းသိမ်းရေးဇုန်နှင့် ဂျိုင်ကြီးလိပ်ထိန်းသိမ်းရေး ဇုန်နှစ်ခုရှိ လိပ်လှောင်း ၁၄၅ ကောင်ကို ရေထဲလွှတ်ပြီးနောက် ယမန်နေ့ ဧပြီလ ၉ ရက်ညဥ့်အချိန်တွင်  ထပ်မံသားပေါက်ခဲ့သည့် လိပ်လှောင်း ၄၆ ကောင်မှာ သဘာဝအတိုင်း ရေထဲဆင်းသွားခြင်းဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါထပ်မံသားပေါက်ခဲ့သည့် ပုန်းညက်ဇုန်မှ လိပ်ဥကျင်းတွင် ရေထဲပြန်ဆင်းနိုင်ခဲ့သည့် လိပ်လှောင်း ၄၆ ကောင်၊ အသေတစ်ကောင်နှင့် သားမပေါက်ဘဲကျန်နေသည့် လိပ်ဥ အလုံး ၇၀ ခန့်ရှိကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။


ဇုန်သုံးဇုန်ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ်ဆောင်ရွက်နေသော နေရာများမှာ  ပုန်းညက် လိပ်ထိန်းသိမ်းရေးဇုန်၊ ပလ္လင်မော်လိပ်ထိန်းသိမ်းရေးဇုန်နှင့် ဂျိုင်ကြီးလိပ် ထိန်းသိမ်းရေးဇုန် တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါလိပ်ထိန်းသိန်းရေးဇုန်များအတွင်း သားပေါက်ရန်ကျန်ရှိနေသည့် လိပ်ဥကျင်း ၆ ကျင်းရှိပြီး သင်္ကြန်ကာလနှင့် သင်္ကြန်လွန်ကာလများတွင် သားပေါက်နိုင်မည်ဟု ခန့်မှန်းမိကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။

"လိပ်ထိန်းသိမ်းရေးဇုန်တွေထဲမှာက သားပေါက်မယ့် လိပ်ဥကျင်း ၆ ကျင်း ရှိနေသေးပါတယ်။ ဒီဇုန်တွေရဲ့ အပြင်ဘက်မှာရှိတဲ့ကမ်းခြေတွေမှာလည်း လိပ်ဥကျင်းတွေ ရှိနေပါတယ်" ဟု ပြောသည်။

လိပ်လှောင်းများသည် မြန်မာနိုင်ငံတွင်ရှိသည့် ပင်လယ်လိပ် မျိုးစိတ်များထဲတွင် အသေးဆုံးသော ပင်လယ်လိပ်ဖြစ်ပြီး မျိုးသုဥ်းရန် အန္တရာယ်ရှိနေသည့် လိပ်မျိုးစိတ် တစ်ခုဖြစ်ကြောင်း သိရသည်။

လိပ်လှောင်းမှာ ဦးခေါင်းသေးပြီး ကျောခွံမှာ သံလွင် ရောင်ရှိကြသည်။

ရခိုင်ဒေသရှိ ပင်လယ်လိပ်များမှာ ငါးဖမ်းပိုက်များဖြစ်သည့် လိပ်ကျောက်ပိုက်၊ သီရိလင်္ကပိုက်စသည့်ကမ်းနီးငါးဖမ်းပိုက်များနှင့် ပင်လယ်တွင်းစွန့်ပစ်ထားသည့် ပလပ်စတစ်များ၏ ခြိမ်းခြောက်မှု အန္တရာယ်များအား အဓိက ကြုံတွေ့နေရကြောင်း ဦးသန့်ဇင်ဦးက ပြောသည်။

ကမ္ဘာပေါ်တွင်ပင်လယ်လိပ်မျိုးစိတ် ၇ မျိုးရှိပြီး အရှေ့တောင်အာရှတွင် ပင်လယ်လိပ်မျိုးစိတ် ၆ မျိုးနှင့် မြန်မာနိုင်ငံတွင် ပင်လယ်လိပ်မျိုးစိတ် ၅ မျိုးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ရှိသည့် ပင်လယ်လိပ်မျိုးစိတ်များမှာ Green Turtle (ပြင်သာလိပ်)၊  Hawkbills Turtle (လိပ်ကြက်တူရွေး)၊  Loggerhead Turtle (လိပ်ခွေး)၊ Leatherbacks Turtle (လိပ်စောင်းလျား)နှင့် Olive Ridleys Turtle (လိပ်လှောင်း)တို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ရှိကမ်းခြေဒေသများတွင် ပင်လယ်လိပ်များသည် ငါးဖမ်းပိုက်များတွင်မတော်တဆဖမ်းမိခြင်း၊ ပင်လယ်ထဲက အမှိုက်များနှင့် ငြိတွယ်မိခြင်းစသည့် ခြိမ်းခြောက်အန္တရာယ်များအပြင် ပင်လယ်လိပ်များကိုဖမ်းဆီးသတ်ဖြတ်ရောင်းချခြင်းနှင့် လိပ်ဥများကိုရောင်းကုန်တစ်ခုကဲ့သို့ စျေးကွက်ရောင်းချနေမှုများကြောင့် သေဆုံးမှုလည်း တိုးလာနေကြောင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

ရခိုင်မှ အဏ္ဏဝါအမျိုးသားဥယျာဥ်အဖြစ်သတ်မှတ်ထားသည့် နံ့သာကျွန်းတွင်လည်း ဂေဟစနစ်ပျက်စီး လာမှုနှင့် မသမာသူတို့၏ သဲစုပ်ယူတူးဖော်နေမှုများကြောင့် ပင်လယ်လိပ်များသေဆုံးမှုများပြားလာကြောင်း ရခိုင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးရန်နောင်စိုးက နိရဥ္စရာသို့ပြော
သည်။ (NN-23)


ဓာတ်ပုံ- ဦးသန့်ဇင်ဦး(ခ) ကိုသားကြီး

ဆက်စပ် သတင်းများ