သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသော ရွာ (၃) ရွာ လုပ်ကိုင်စားသောက်ရန် အစိုးရက မြေနေရာအစားထိုး မပေးသေး


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 566

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဧရိယာတွင်ပါဝင်၍ ပြောင်းရွှေ့ခဲ့ရသော ကျေးရွာ(၃)ရွာတွင်လုပ်ကိုင်စားသောက်ရန် အစိုးရက မြေနေရာအစားထိုး မပေးသေးကြောင်း သိရသည်။

အဆိုပါကျေးရွာ (၃)ရွာမှာ မယ်ဝ၊ ရေကောက်နှင့် ပုရစ်ကျေးရွာတို့ဖြစ်သည်။

ယင်းအနက် မယ်ဝရွာသည် စီမံကိန်းနှင့် အနီးစပ်ဆုံးနေရာတွင်ရှိ၍ဟုဆိုကာ ပြီးခဲ့သည့် ၁ဝ နှစ်ကျော်အကြာ ၂ဝဝ၉ ခုနှစ်၊ မတ်လတွင် ရွာမှ ၅ မိုင်ခန့်အကွာရှိ သူဌေးချောင်းမကြီး၏ တစ်ဘက်ကမ်းနေရာသို့ ပြောင်းရွှေ့ပေးခဲ့ရခြင်းဖြစ်သည်။

ယင်းရွာတွင် နေအိမ် ၅၃ ဆောင်နှင့် လူဦးရေ ၂ဝဝ ကျော်ရှိသည်ဟုလည်း သိရသည်။

အလားတူ ရေကောက်နှင့် ပုရစ်ကျေးရွာ ၂ ရွာကို သံတွဲ-တောင်ကုတ်ကားလမ်းဘေး ဂျဉ်ချောင်းဆည်နှင့် ဒေါ်မြရွာကြားသို့  ၂၀၂၁ ခုနှစ်၊ မတ်လတွင် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

ယင်းကျေးရွာ(၂)ရွာတွင် အိမ်ထောင်စု (၄၆၁)စုရှိပြီး လူဦးရေ ၁၅၀၀ ကျော်ရှိသည်ဟု သိရသည်။

လက်ရှိ ရေကောက်နှင့် ပုရစ်ကျေးရွာ (၂)ရွာကို ယခင်ရွာဟောင်းမှ လယ်ယာမြေများကို သွားရောက်လုပ်ကိုင်ခွင့် ၄ နှစ်ပေးထားသည့်အတွက် အဆင်ပြေသေးသော်လည်း သတ်မှတ်အချိန်ကာလပြည့်သွားပါက မည်သို့လုပ်ကိုင်စားသောက်ရမည်ကို မသိသေးကြောင်း ရေကောက်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

"
သူတို့က အရင်လယ်မြေ၊ တောတောင်တွေကို ၄ နှစ်လုပ်စားခွင့်ပေးထားသေးတယ်။ လယ်၊ မြေ ရှိသူတွေ  လောလောဆယ် သွားလုပ်ခွင့်ရလို့အဆင်ပြေသေးတယ်။ ကျန်တဲ့လူတွေက ကျပန်းလုပ်စားကြရပါတယ်။ ဒီကာလကျော်ရင် ဘယ်လိုလုပ်ကြမလဲ။ နောက်ပြီး မီးသင်္ဂြိုဟ်စက် လုပ်ပေးဖို့နဲ့ ရွာမှာ တံတားနှစ်စင်းလုပ်ပေးဖို့ကတိပေးထားတာလည်း မလုပ်ပေးသေးပါဘူး" ဟု ဆိုသည်။

နေရာသစ်တွင် အလုပ်မရှိသည့်အတွက် အခက်ခဲဖြစ်နေပြီး အစိုးရဆီက လုပ်ကိုင်စားသောက်ရန် မြေယာ (သို့မဟုတ်) ငွေကြေးတောင်းဆိုခဲ့ကြသော်လည်း ယခင်အစိုးရလက်ထက်ကငြင်းဆိုခံခဲ့ရသလို ယခုအစိုးရကလည်း တစ်စုံတရာ အကြောင်းပြန်ခြင်းမရှိသေးကြောင်း ပုရစ်ကျေးရွာဒေသခံများက ပြောသည်။

ပုရစ်ဒေသခံတစ်ဦးကနေရာသစ်မှာ လုပ်ကိုင်စားသောက်ဖို့ မြေ ၅ ဧက မဟုတ်ရင်လည်း သိန်း ၁၀၀ ဒါမှမဟုတ် ၇၀ လောက်ပေးဖို့ ညှိနှိုင်းမှုတွေရှိခဲ့တယ်။ အရင် NLD အစိုးရလက်ထက်တုန်းကတော့ မပေးနိုင်ဘူးလို့ငြင်းခဲ့တယ်။ အခုလည်း အသနားခံစာတွေတင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘာမှလည်းအကြောင်းမပြန်ဘူး။ မပေးတော့ဘူး ထင်ပါတယ်"ဟု ပြောသည်။

အဆိုပါကျေးရွာ ၃ ရွာမပြောင်းရွှေ့ခင်က ပြောင်းရွှေ့ပြီးလျှင် နေရာသစ်တွင် လုပ်ကိုင်စားသောက်ရန် မြေနေရာအစားထိုးပေးမည်ဟု အစိုးရဘက်က ကတိများပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

သို့သော် လက်ရှိတွင် ပြောင်းရွှေ့လိုက်ရသည်မှာ နှစ်ပေါင်း ၁ဝ သာကျော်လာပြီး လုပ်ကိုင်စားသောက်ရန် မည်သည့် မြေနေရာမှ အစိုးရဘက်က ဖော်ဆောင်ပေးခြင်း ယနေ့အထိ လုံးဝမရှိသေးဟု မယ်ဝရွာတာဝန်ခံ ဦးတင်ထွန်းက ပြောသည်။

လုပ်စားဖို့အတွက် အစားထိုးမြေနေရာလုပ်ပေးမယ်ဆိုတာလည်း နှစ်ပေါင်းလည်း ကြာလှပြီ။  ခုထိတော့ ဘာမှ မရသေးဘူး”ဟု ပြောသည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးက ရေကောက်နှင့် ပုရစ်ရွာများအတွက် လုပ်ကိုင်စားသောက်ရန် အစားထိုးမြေနေရာကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရလက်ထက်မှ ယခုအစိုးရလက်ထက်အထိ ပြည်ထောင်စုအစိုးရကို တင်ပြတောင်းဆိုထားသည်ဟု နိရဥ္စရာကို ပြောသည်။

အလားတူ မယ်ဝရွာအတွက် သံတွဲခရိုင်အုပ်ချုပ်ရေးမှူးမှတဆင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးဌာနထံ ပြီးခဲ့သည့် တစ်နှစ်ခန့်က တင်ပြတောင်းဆိုထားခဲ့သည်ဟု ပြောသည်။

စိုက်ပျိုးမြေ ကျနော်တို့က ပုရစ်၊ ရေကောက် ရွာနှစ်ရွာအတွက် ဧက ၄၅ဝ။ ဒါကို သစ်တောဦးစီးဌာနကနေတဆင့် ပြည်ထောင်စုသယံဇာတဝန်ကြီးဌာနကိုတင်ပြထားတယ်။ ခွင့်ပြုချက်တော့ ကျမလာသေးဘူး။ အဲဒါလေး စောင့်နေပါတယ်။ နောက် မယ်ဝယ်ကျေးရွာအတွက်ဆိုရင် ဧက ၁၅ဝ။ ဒါလည်း ပြည်နယ်အစိုးရကို ကျနော်တို့ တိုင်းထွာပြီးတော့ ခရိုင်အစီအစဉ်နဲ့ ကျနော်တို့ ဆက်လက်ပြီးတော့ တင်ပြထားပါတယ်။ ပြည်နယ်အစိုးရဆီက ကျနော်တို့ ခွင့်ပြုချက်ရတာနဲ့ ကျနော်တို့ အဲဒီနေရာကို ခွဲဝေပေးလို့ရပါတယ်။ ခွင့်ပြုချက်မကျသေးဘူးဖြစ်နေတယ်ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကို နိရဥ္စရာက ဆက်သွယ်မေးကြည့်ရာ သူတို့ထံ ယခုလိုတင်ပြထားသည်ဆိုသည်ကို မသိရသေးဟု ပြောသည်။

တင်ပြထားတာကို ငါတို့မသိသေးဘူး။ ခုထိတော့ ငါတို့ မသိရသေးဘူး။ ဒီကိုရောက်ရင်တော့ ငါတို့ သိမယ်လေ”ဟု ပြောသည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို သံတွဲမြို့နယ်၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ သူဌေးချောင်းထဲတွင် ၂၀၀၈ ခုနှစ်မှ စတင်အကောင်ထည်ဖော်တည်ဆောက်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

၂ဝ၂၃ ခုနှစ်၊ သြဂုတ်လအထိ စီမံကိန်းတစ်ခုလုံး၏ ၇၉ ဒသမ ၇ ရာခိုင်နှုန်း ပြီးစီးနေပြီဟုလည်း သိရသည်။

ဓာတ်ပုံ - ပုရစ်နှင့် ရေကောက်ကျေးရွာကို ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လအတွင်း တွေ့ရစဉ်။

 

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!