- Web Master
- ၀၃ စက်တင်ဘာ ၂၀၂၄
အဓိကအတိုက်အခံပါတီများအား ရှင်းလင်းဖယ်ရှားထားသည့် ကမ္ဘောဒီယား ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့ရာ လက်ရှိအာဏာရ ဝန်ကြီးချုပ် ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)ကပင် တောင်ပြိုကမ်းပြို ရာခိုင်နှုန်းပြည့် အနိုင်ရခဲ့သည်ဟု သိရသည်။
အသက်
၇၀ ရှိပြီဖြစ်သော ခမာနီကေဒါဟောင်း ဟွန်ဆန်သည် ၁၉၈၅ခုနှစ်မှ ယခုချိန်အထိ
ကမ္ဘောဒီးယားအား အုပ်ချုပ်လာခဲ့ပြီး ယခု ရွေးကောက်ပွဲတွင်လည်း
အဓိကအတိုက်အခံပါတီများကို ပိတ်ပင်ထားခြင်း၊ ၎င်း၏ အာဏာအား စိန်ခေါ်နိုင်သည့်
အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတွင်းမှ မောင်းထုတ်ထားခြင်းဖြင့် ပြိုင်ဘက်မရှိ
အနိုင်ရခဲ့သည်ဟု ဆိုသည်။
ဟွန်ဆန်၏
Cambodian People Party သည်
အောက်လွှတ်တော် အမတ် (၁၂၅)နေရာလုံးတွင် အနိုင်ရသည့်အတွက်
အာဏာကို ဆက်လက်ချုပ်ကိုင်ပြီး ၎င်း၏ သားဖြစ်သူကို အာဏာ လွှဲပြောင်းပေးရန် စီစဉ်ထားခြင်းဖြင့်
မြောက်ကိုးရီးယားပုံစံ အာဏာ အမွေဆက်ခံမှုပြုလုပ်ခဲ့သည်ဟု
ဝေဖန်သူအချို့က ဆိုသည်။
ရွေးကောက်ပွဲကျင်းပခါနီးအချိန်တွင်
အဓိကအတိုက်အခံပါတီတစ်ခုအား ပယ်ဖျက်လိုက်သဖြင့် ရွေးကောက်ပွဲတွင်
ငွေကြေးမပြည့်စုံသည့် မထင်မရှား ပါတီငယ် (၁၇)ခုသာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး
တစ်နေရာမှ အနိုင်မရခဲ့ပေ။
" ကျွန်တော်တို့ တောင်ပြိုကမ်းပြို
အနိုင်ရခဲ့ပါတယ်။ ဆန္ဒမဲအားလုံးရဲ့ ၇၈% ကနေ ၈၀% အထိ ကျွန်တော်တို့ ရခဲ့ပါတယ်"
ဟု ဟွန်ဆန်၏ ကမ္ဘောဒီးယား ပြည်သူ့ပါတီကမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကုလသမဂ္ဂက
ကြီးမှူးကျင်းပပေးခဲ့သည့် ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ခုနစ်ကြိမ်မြောက်
ယခုရွေးကောက်ပွဲသို့ မဲဆန္ဒရှင် ၉.၇သန်း လာရောက်မဲပေးခဲ့သည်ဟု ဆိုသည်။
ဟွန်ဆန်၏
ပါတီ အနိုင်ရရန်သေချာသွားပြီဖြစ်၍ သူ၏ မူလအစီအစဉ်အတိုင်း သားဖြစ်သူ ဟွန် မာနက်
ကို လာမည့် ရက်အနည်းငယ်အတွင်း အာဏာလွှဲပြောင်းပေးတော့မည်ဟု သိရသည်။
အမေရိကန်
နှင့် ဗြိတိန်နိုင်ငံများတွင် ပညာသင်ကြားခဲ့သော ဟွန်မာနက် အနေဖြင့်
ကမ္ဘောဒီးယားကို ဦးဆောင်နိုင်စွမ်းရှိမရှိ စောင့်ကြည့်ရမည်ဟု
သုံးသပ်မှုများရှိသော်လည်း ဟွန်ဆန်ကနောက်ကွယ်မှ ကြိုးကိုင်အုပ်ချုပ်မည်ကို
အားလုံးက သိနေကြသည်။
ဟွန်ဆန်၏ ကမ္ဘောဒီးယားပြည်သူ့ပါတီအား စိန်ခေါ်နိုင်စွမ်းရှိသည့် တစ်ခုတည်းသော Candlelight ပါတီမှာ သတ်မှတ်ချက်များမပြည့်စုံဟု ဆိုကာ ပြီးခဲ့သည့် မေလက မှတ်ပုံတင်ခွင့်မပြုဘဲ ပယ်ဖျက်ခြင်းခံခဲ့ရသည်။
အတိုက်အခံပါတီ မရှိသလောက် အင်အားနည်းသော ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဟွန်ဆန်၏ ပါတီက အနိုင်ရပြီး အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ခဲ့သည်။
NN-27
ref:can