တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့ခရိုင်ရဲစခန်းအထဲက အချုပ်သား ၁၁ ဦးလွတ်မြောက်လာ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

ရက္ခိုင့်တပ်တော်က မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် အချုပ်ခန်းထဲက လူပေါင်း ၁၁ ဦး လွတ်မြောက်လာခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရသည်။

ရက္ခိုင့်တပ်တော်က ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်၊ ည ၉ နာရီခန့်က မြောက်ဦးခရိုင် ရဲစခန်းကို သိမ်းပိုက်ပြီးနောက် လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီစပ်သူ တစ်ဦးက ပြောသည်။

ကိုကျော်ဇံဝေ (ခ) ကိုရင်ဆို့ နှင့် ကိုမြတ်သူထွန်း(ခ) ဖိုးသီဟ အပါအဝင် နိုင်ငံရေးနှင့် ပတ်သက်သူ  ၈ ဦးကို တိုက်ပွဲ စဖြစ်သည့် ဒီဇင်ဘာ ၂၄ ရက်နေ့ကတည်းက စစ်တပ်က ရွှေ့ပြောင်းယူဆောင်သွားဟု သိရသည်။

" ဒီအခုလွတ်မြောက်လာတဲ့ အချုပ်သားတွေအထဲမှာ ကျနော်တို့အစ်ကိုတို့ မပါလာသေးဘူး။ စစ်သားတွေနဲ့ အတူပါသွားတယ်လို့ကြားတယ်။ တိတိကျကျတော့မသိရသေးဘူး" ဟု နိုင်ငံရေးအမှုနှင့်တရားရင်ဆိုင်နေရသည့် အချုပ်သားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

ထိုသို့ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ၎င်းတို့၏ အသက် အန္တရာယ်ကို စိုးရိမ်နေရကြောင်း ပုဒ်မ ၅၀၅(က)ဖြင့် အမှုရင်ဆိုင်အချုပ်ကျနေသည့် သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း(ခ) ဖိုးသီဟ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

" အခုကသတင်းတွေအမျိုးမျိုးကြားနေရတယ်။ သေချာမသိရသေးဘူး။ အသက်အန္တရာယ်တစ်ခုခု ဖြစ်မှာကို စိုးရိမ်တယ်" ဟုပြောသည်။

မြောက်ဦးမြို့ခရိုင်ရဲစခန်းကို ယမန်နေ့ညက ရက္ခိုင့်တပ်တော်(အေအေ)က တိုက်ခိုက် သိမ်းပိုက်နေချိန်တွင် စစ်ကောင်စီတပ်သားအချို့သည် မြောက်ဦးမြို့ထဲသို့ ဝင်ရောက် ထွက်ပြေးသွားပြီး မြောက်ဦးမြို့ ၃၇၇ တပ်ရင်းနှင့်ပူးပေါင်းသွားသည်ဟုလည်း မြို့ခံများကပြောသည်။

မြောက်ဦးမြို့မြောက်ဘက် မြို့အဝင်အထွက် ငွေတောင်ပေါက်မှာ တည်ရှိသည့် သူတော်မတောင် စစ်စခန်းနဲ့ မြောက်ဦးခရိုင်ရဲစခန်းတို့ကို ရက္ခိုင့်တပ်တော်က ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စခန်း ၂ ခုစလုံးကို ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။(​NN-8)

ဆက်စပ် သတင်းများ