တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ထောင် ၃ နှစ်ချမှတ်ခံထားရသည့် ရခိုင် NLD မှ ဒုဥက္ကဋ္ဌ ဦးစိုးလေးအပါအဝင် ၃ ဦး လွတ်ရက်စေ့၍ လွတ်မြောက်လာ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 775

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ ဂွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင် ၃ ဦးလွတ်ရက်စေ့၍ ပြန်လွတ်မြောက်လာကြောင်း သတင်းရရှိသည်။


၎င်းတို့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရသည့် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဒုတိယ ဥက္ကဋ္ဌ ဦးစိုးလေးနှင့် ရခိုင် NLD လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်နှင့် NLD ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဘမျိုးသိမ်းတို့ ၃ ဦးတို့ဖြစ်ကြသည်။


၎င်းတို့သည် ယနေ့ နိုဝင်ဘာလ ၃ ရက်၊ နံနက်တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်သည်ဟု သိရသည်။

 

သူတို့နှင့်နီးစပ်သူတစ်ဦးကသူတို့ တရားဝင် လွတ်ရက်စေ့လို့ လွတ်တယ်လို့ ကြားတယ်။ လွတ်လာတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူတို့နဲ့ အဆက်အသွယ်တော့ မရသေးဘူး”ဟု နိရဥ္စရာကို ပြောသည်။

 

ယခုလွတ်မြောက်လာမှုနှင့်ပတ်သက်ပြီး ဦးစိုးလေး၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ခဲ့သော်လည်း တပ်ဆင်ထားခြင်း မရှိပါဟုသာ တုံ့ပြန်ဖြေဆိုခဲ့သည်။

 

သူတို့ သုံးဦးသည် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၂ဝ၂၁ ခုနှစ်၊ မေလ အတွင်းက ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

 

ယင်းနောက် သူတို့ သုံးဦးစလုံးကို စစ်ကောင်စီက ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ မေလတွင် မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

ဦးဘမျိုးသိမ်းသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သလို တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ 

 

အလားတူ ဦးစိုးလေးသည်လည်း ရခိုင်ပြည်နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် သံတွဲနှင့် ဂွမြို့နယ်ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သလို အမျိုးသားလွှတ်တော်၏ တောင်သူလယ်သမားရေးရာ ကော်မတီဝင်ဖြစ်သည်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း ၂၅,၃၆၉ ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် ပြန်လည်လွတ်မြောက်လာသူ ၅၇၂၄ ဦး၊ သေဒဏ်ချမှတ်ခံထားရသူ ၁၆၃ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ - လွတ်ရက်စေ့၍ လွတ်မြောက်လာသည့် ဦးဘမျိုးသိမ်းနှင့် ဦးစိုးလေးတို့အား တွေ့ရစဉ်။ (Photo – Flie)

 

ဆက်စပ် သတင်းများ