ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

၀ပြည်မှာ ကုန်ပစ္စည်းများ စျေးတင်ရောင်းလျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု UWSA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 336

မောင်စာဂ၊ နိရဥ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၄

"ဝ"ထိန်းချုပ်နယ်​မြေအတွင်း ကုန်ပစ္စည်းများကို စျေးတင်ရောင်းလျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)က ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဟိုပန်၊ ပန်လုံနှင့် နမ့်တစ်မြို့များအပါအဝင် UWSA "ဝ" တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်း ကုန်ပစ္စည်းများစျေးတင်ရောင်းလျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု "ဝ" ဗဟိုအစိုးရ အာဏာပိုင်များက အောက်တိုဘာလ ၂၅ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းရောင်းချမှုများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ကုန်ပစ္စည်းများ မရောင်းချဘဲ သိုလှောင်သိမ်းဆည်းထားခြင်း၊ စျေးလိမ်ရောင်းချခြင်းများကို တရားမဝင်လုပ်ငန်းအဖြစ် သတ်မှတ်ကာ ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဟုလည်း UWSA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒေသတွင်းရှိ လူထုစားဝတ်နေရေး အဆင်ပြေစေရေး ကုန်ပစ္စည်းများရရှိရေး၊ ကန့်သတ်ချက်များ လျှော့ချရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း UWSA က ဆိုသည်။



တရုတ်နိုင်ငံဘက်က "ဝ" ဒေသသို့ ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ပိတ်ပင်လိုက်ပြီးနောက် ဒေသတွင်း ကုန်စျေးနှုန်းများ မြင့်တက်လာချိန် UWSA က ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။

UWSA "ဝ" တပ်ဖွဲ့ထိန်းချုပ်ရာ နမ့်တစ်-မန်ခါးနယ်စပ်ဂိတ်ကို ပြီးခဲ့သည့် သြဂုတ်လက တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့သည်။

ယင်းနောက် အောက်တိုဘာလ ၂၀ ရက်နောက်ပိုင်းတွင် ဝ ဒေသအပါအဝင် တရုတ်-မြန်မာနယ်စပ်ဂိတ် အားလုံးနီးပါးတွင် စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနှင့် စားသောက်ကုန် သယ်ယူခွင့်များကို တရုတ်နိုင်ငံဘက်က ကန့်သတ်လိုက်သည်ဟု သိရသည်။

ယင်းကြောင့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မြို့များတွင် စက်သုံးဆီနှင့် ဆေးဝါးများ ပြတ်လပ်လာနေသည်ဟု သိရသည်။

UWSA ၏ ယခုထုတ်ပြန်ချက်တွင်မူ တရုတ်နိုင်ငံထဲမှ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်း တင်ပို့မှုများကို ရပ်ထားသော်လည်း စားသောက်ကုန်ပစ္စည်းများ ပုံမှန်အတိုင်းဝင်ရောက်နေသည်ဟု ဆိုထားသည်။

ဓာတ်ပုံ - UWSA

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!