သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး၊ မြန်မာစစ်ကောင်စီထံ အတင်းအကျပ်ဝင်ရောက်စေခြင်းသည် ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှု မြောက်သည်ဟု Fortify Rights အဖွဲ့ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ ဇူလိုင် ၂၆/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် မြန်မာမွတ်ဆလင်ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး၊ မြန်မာစစ်ကောင်စီထံ အတင်းအကျပ်ဝင်ရောက်စေခြင်းသည် ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှု မြောက်သည်ဟု Fortify Rights အဖွဲ့ပြောဆိုလိုက်သည်။

“ရိုဟင်ဂျာအရပ်သားများ အတင်းဓမ္မ ဖမ်းဆီးခေါ်ဆောင်မှု မဖြစ်မနေ စစ်မှုထမ်းစေခြင်း ရပ်ဆိုင်းရေး” ခေါင်းစဉ်ဖြင့် ယနေ့ထုတ်ပြန်ချက်တွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် အခြားနေရာဒေသများတွင် မြန်မာစစ်ကောင်စီ၏ တရားမဝင် အတင်းအကျပ် စစ်မှုထမ်းခေါ်ဆောင်ခြင်းလှုပ်ရှားမှုကို ရပ်တန့်ရမည်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်တွင် လှုပ်ရှားသော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည် ရိုဟင်ဂျာဒုက္ခသည်များအား အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်နေခြင်းကို ရပ်တန့်တားဆီးသင့်သည်ဟု Fortify Rights ကဆိုသည်။

သတင်းထုတ်ပြန်ချက်ထဲတွင် “ Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များကို အတင်းအကြပ်ဖမ်းဆီး၊ ထို့နောက် အဆိုပါဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး၊ မြန်မာစစ်ကောင်စီထံ အတင်းအကျပ်ဝင်ရောက်စေခဲ့ကြောင်း တွေ့ရှိရသည်။ ဤလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှု မြောက်ပါသည်” ဟု ဖော်ပြသည်။

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ယုံကြည်ရသော လက်နက်ကိုင် အမျိုးသားများက ဒုက္ခသည် စခန်းတစ်ခုမှ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်ဟု အသက် ၁၇ နှစ်အရွယ် ရိုဟင်ဂျာ ဒုက္ခသည်လူငယ်တစ်ဦးက Fortify Rights သို့ ပြောကြားခဲ့သည်ဟု ဆိုသည်။ 

၎င်းက “သူတို့က ကျွန်တော့်ကို သေနတ်နဲ့ ချိန်၊ မျက်စိကို အဝတ်နဲ့ ပိတ်စည်းပြီး လက်တွေ၊ ခြေတွေကို ကြိုးနဲ့ချည်ပြီး အဲဒီကနေ ဖမ်းခေါ်သွားကြတယ်။ ပြီးတော့ ကျွန်တော့်ကို မြန်မာနိုင်ငံကို ခေါ်လာတယ်…”

“ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ဘေးကင်းလုံခြုံမှုရှိနေရမယ့် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အတင်းအကြပ် စစ်မှုထမ်းစေခြင်းကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်” ဟု Fortify Rights မှ ပြောသည်။

“မြန်မာစစ်ကောင်စီက ဒီချိုးဖောက်မှုတွေကို ချက်ချင်းရပ်ပစ်ရပါမယ်။ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို အကာအကွယ်ပေးရေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ဦးစားပေး ဖြစ်သင့်ပါတယ်” ဟု ဆက်ပြောသည်။

နိရဉ္စရာ သတင်းဌာနမှ စုံစမ်းသိရှိရသလောက် ဘင်္ဂလားဒေ့ရှ် အလံကို ထောင်ထားသည့် စက်လှေများဖြင့် နတ်မြစ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နယ်စပ်မှ ဒုက္ခသည်များကို ​ စစ်ကောင်စီနှင့် ပူးပေါင်း စစ်မှုထမ်းရန် မောင်တောမြို့သို့ ပို့ဆောင်နေကြောင်း သိရသည်။

အဆိုပါ ပို့ဆောင်နေမှုအပေါ် ဘင်္ဂလာအာဏာပိုင်များကလည်း မသိကျိုးကျွန် ပြုလုပ်ပေးထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!