ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်သစ် ငါးနိုင်ငံ ရွေးချယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 481

ကုလသမဂ္ဂအထွေထွေညီလာခံက လုံခြုံရေးကောင်စီအလှည့်ကျအဖွဲ့ဝင်သစ် ငါးနိုင်ငံအဖြစ် အယ်လ်ဂျီးရီးယား၊ ဂူယာနာ၊ ဆီအာရာလီယွန်၊ ဆလိုဗေးနီးယားနှင့် တောင်ကိုးရီးယားတို့ကို ဇွန်လ(၆)ရက်က ရွေးချယ်တင်မြှောက်လိုက်သည်ဟု သိရသည်။


အဆိုပါအဖွဲ့ဝင်နိုင်ငံသစ်များသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ စ၍
လုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ် စတင် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။

 

အဖွဲ့ဝင်သစ် ရွေးချယ်ကြရာတွင် အယ်လ်ဂျီးရီးယား၊ ဂူယာနာ၊ ဆီအာရာ လီယွန် နှင့် တောင်ကိုးရီးယား တို့မှာ ကန့်ကွက်သူမရှိ ထောက်ခံမဲရရှိပြီး ရွေးချယ်ခံခဲ့ရသော်လည်း အရှေ့ဥရောပ ကိုယ်စားပြု ရွေးချယ်ခံသည့် ဘီလာရုစ်မှာ အဖွဲ့ဝင်နိုင်ငံများ​၏ ကန့်ကွက်မဲပေးမှုကြောင့် ရွေးချယ်မခံရဘဲ ၎င်းအစား ဆလိုဗေးနီးယား ရွေးချယ်ခံခဲ့ရသည်။

 

ဘီလာရုစ်မှာ ယူကရိန်းအားကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားနှင့် မဟာမိတ်ပြုနေသည့်အတွက် ကန့်ကွက်ခံရခြင်းဖြစ်သည်။

 

ရွေးချယ်ခံရသည့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ငါးနိုင်ငံသည် လက်ရှိအဖွဲ့ဝင်ဖြစ်သော အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ ဂါဘွန်၊ ဂါနာ၊ နှင့် ယူအေအီး တို့နေရာတွင် အစားထိုး ဝင်ရောက်ကြမည်ဖြစ်သည်။

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် လက်နက်ကိုင်အင်အား အသုံးပြုခွင့်၊ အရေးယူပိတ်ဆို့ခွင့် စသည့် ဥပဒေနှင့်အညီ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသော ကုလသမဂ္ဂ​၏ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်။

 

အဖွဲ့ဝင်(၁၅)နိုင်ငံ ရှိသော်လည်း အမှန်တကယ် အာဏာဆုပ်ကိုင်ထားသည်မှာ ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်တို့ ပါဝင်သည့် အမြဲတမ်းအဖွဲ့ဝင်( ၅) နိုင်ငံသာဖြစ်သည်။

 

 ကမ္ဘာ့တိုက်ကြီးများနှင့် ဒေသအလိုက် ကိုယ်စားပြုနိုင်ငံများ ရွေးချယ်ရာတွင် သက်ဆိုင်ရာ ဒေသနိုင်ငံများက ကန့်ကွက်မှု မရှိသည့်တိုင် ကုလအဖွဲ့ဝင်နိုင်ငံအားလုံး​၏ သုံးပုံ နှစ်ပုံ ထောက်ခံမှု ရရန် လိုအပ်သည်။

 

 ဂူယာနာက ထောက်ခံမဲ ၁၉၁၊ ဆီအာရာ လီယွန်က ၁၈၈၊ အယ်လ်ဂျီးရီးယားက ၁၈၄၊ နှင့် တောင်ကိုးရီးယားက ၁၈၀ အသီးသီး ရရှိခဲ့သည်။

 

ဆလိုဗေးနီးယားက ဘီလာရုစ်ကို ဖြတ်ကျော်ပြီး ၁၅၃ မဲ ရရှိခဲ့သည်။ ဘီလာရုစ်မှာ ၃၈မဲသာ ရရှိခဲ့သည်။

 

 ၂၀၀၇ ခုနှစ်မှစ၍ ဘီလာရုစ်သည် အရှေ့ဥရောပ ကိုယ်စားပြုအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သော်လည်း ၂၀၂၀ ဘီလာရုစ်သမ္မတရွေးကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြသူများကို အာဏာပိုင်များက ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် ၂၀၂၁ခုနှစ်တွင် ဆလိုဗေးနီးယားက ဘီလာရုစ်အစား ဝင်ရောက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။

 

ရုရှားနိုင်ငံသည် ထိုအချိန်မှစ၍ ၂၀၂၂ခုနှစ် ယူကရိန်းကျူးကျော်မှုပြုလုပ်ရာတွင် ဘီလာရုစ်အား ၎င်း​၏ ခြေကုပ်နယ်မြေအဖြစ် အသုံးပြုခဲ့သည်။ ရုရှားသည် ပြီးခဲ့သည့်လက နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဘီလာရုစ်တွင်ချထားရန်စီစဉ်ခဲ့သည်။

 

NN-27

ref: CAN

ဆက်စပ် သတင်းများ