ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

အရှေ့တောင်အာရှ၏ ပထမဆုံး မြန်နှုန်းမြင့် ကျည်ဆံရထား အင်ဒိုနီးရှားနိုင်ငံတွင် စတင်ပြေးဆွဲ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 714

အရှေ့တောင်အာရှ၏ ပထမဆုံး မြန်နှုန်းမြင့် ကျည်ဆံရထားကို အင်ဒိုနီးရှားနိုင်ငံတွင် အောက်တိုဘာလ ၂ ရက်နေ့က စတင်ပြေးဆွဲပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော ဒေါ်လာဘီလျံများစွာ ကုန်ကျသည့် မြန်နှုန်းမြင့်ရထား စီမံကိန်း ဖွင့်ပွဲ အခမ်းအနားသို့ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှား၏ ခေတ်မီတိုးတက်မှု အမှတ်လက္ခဏာဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။

Whoosh ဟု အမည်ပေးထားသည့် အင်ဒိုနီးရှား ကျည်ဆံရထားသည် တစ်နာရီ ၃၅၀ ကီလိုမီတာ (၂၁၇မိုင်) အထိ သွားနိုင်ပြီး ဂျာကာတာ နှင့် ဘန်ဒေါင်းကို ၄၅ မိနစ်အတွင်း ရောက်ရှိနိုင်သည်ဟု သိရသည်။

၁၄၀ ကီလိုမီတာ ကွာဝေးသည့် အဆိုပါခရီးကို ယခင်က သုံးနာရီခန့်ကြာ သွားခဲ့ရသည်။

ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် အင်ဒိုနီးရှား၏ အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍသစ် တစ်ခုဖြစ်သလို အင်ဒိုနီးရှား၏ ဖွံ့ဖြိုးတိုးတက်မှု လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သမ္မတ ဝီဒိုဒိုက ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။


အလားတူ ခရီးသည် ၆၀၀ ဆံ့ အမြန်ရထားသည် အရှေ့တောင်အာရှတွင် ပထမဦးဆုံး
မြန်နှုန်းမြင့်ရထားဖြစ်သည်ဟုလည်း ဝီဒိုဒိုက ပြောကြားခဲ့သည်။

ယခု အမြန်ရထားစီမံကိန်းမှာ တရုတ်နိုင်ငံ၏ ခါးပတ် နှင့် လမ်းများ ( Belt and Road Initiative) စီမံကိန်းအရ တရုတ်နိုင်ငံက ပံ့ပိုကူညီသည့် အခြေခံအဆောက်အအုံစီမံကိန်း တစ်ခုဖြစ်သည်။

စီမံကိန်းကို အင်ဒိုနီးရှားကုမ္ပဏီ လေးခု နှင့် တရုတ် နိုင်ငံတကာမီးရထားကုမ္ပဏီတို့ပူးပေါင်းထားသည့် PT KCIC ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်း၏ မူလသတ်မှတ်ချက်မှာ ကုန်ကျစရိတ် ဒေါ်လာ ၅ ဘီလျံရှိပြီး ၂၀၁၉ တွင် ပြီးဆုံးရန် လျာထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နောက်ဆုတ်ခဲ့ပြီး ကုန်ကျစရိတ်လည်း ပိုများခဲ့သည်။

အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီး ဘူဒီ ဆူမာဒီက မြန်နှုန်းမြင့်ရထားလမ်းကို ဘန်ဒေါင်းမှ အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံး ဆူရာဘာယာ အထိ ဆက်လက်တိုးချဲ့သွားမည်ဟု ဆိုသည်။

 NN- 27

ref:CAN

ဆက်စပ် သတင်းများ