သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ဟေတီရှိ အမေရိကန်သံရုံးဝန်ထမ်းများကို ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

အရေးပေါ်အခြေအနေကြေညာထားသော ဟေတီနိုင်ငံတွင် လက်နက်ကိုင်အုပ်စုဂိုဏ်းများ​၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြီးထွားလာနေသဖြင့် မြို့တော် ပိုအော်ပရင့်စ်ရှိ အမေရိကန်သံရုံးမှ သံရုံးဝန်ထမ်းများကို အမေရိကန်က ရဟတ်ယာဉ်များဖြင့် ကယ်ထုတ်နေရသည်ဟု သိရှိရသည်။

ကယ်ထုတ်ရာတွင် အရေးမကြီးသော ဝန်ထမ်းများနှင့် အမေရိကန်သည် ပို့အော်ပရင့်စ်ရှိ အမေရိကန်သံရုံးကိုလည်း လုံခြုံရေး တိုးမြှင့်ထားသည်ဟုဆိုသည်။

ပြီးခဲ့သည့်အပတ်အတွင်း ဟေတီလက်နက်ကိုင်အုပ်စုဂိုဏ်းများသည် မြို့တော်​၏ လေဆိပ်၊ ရဲစခန်းနှင့် အကျဉ်းထောင်တို့ကို ဝင်ရောက်တိုက်ခိုက်လျှက်ရှိသည်။ ၎င်းတို့သည် ဝန်ကြီးချုပ် အေရီယယ် ဟင်နရီကို ဖယ်ရှားရန် ကြိုးစားလျှက်ရှိသည်။

" လက်နက်ကိုင်ဂိုဏ်းတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ လေဆိပ်အနီးမှာရှိတဲ့ သံရုံးဝင်းအနားထိ ရောက်ရှိလာတဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဌာနက အရေးမကြီးတဲ့ သံရုံးဝန်ထမ်းတွေကို ခေါ်ထုတ်ဖို့ စီစဉ်လိုက်ရတာပါ" ဟု သံရုံး​၏ ဆိုရှယ်မီဒီယာစာမျက်နှာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ဟေတီဆိုင်ရာ ဂျာမနီသံအမတ်သည် အီးယူကိုယ်စားလှယ်များနှင့် အတူ ဒိုမီနီကန်နိုင်ငံသို့ ထွက်သွားခဲ့သည်ဟု ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဟေတီနိုင်ငံတွင် လက်နက်ကိုင်ဂိုဏ်းများ​၏ အကြမ်းဖက်တိုက်ခိုက်မှုများ တစ်နေ့တခြား ဆိုးရွားလာနေပြီး အဓိကဆိပ်ကမ်းကို ကြာသပတေးကတည်းက ပိတ်ထားလိုက်ရသည်။

ဝန်ကြီးချုပ် ဟင်နရီသည် ကင်ညာနိုင်ငံသို့ သွားရောက်နေစဉ် ဂိုဏ်းအဖွဲ့များ​၏ တိုက်ခိုက်မှု တိုးပွားလာခြင်းဖြစ်ပြီး အင်္ဂါနေ့က မြို့တော်ပို့အော်ပရင့်စ်သို့ ပြန်လာရန် ကြိုးစားသော်လည်း လေဆိပ်တွင် လက်နက်ကိုင်ဂိုဏ်းများနှင့် တိုက်ပွဲဖြစ်ပွားနေသဖြင့် အမေရိကန်နယ်မြေ ပူအာတို ရီကို တွင် ဆင်းသက်ခဲ့ရသည်။

ဝန်ကြီးချုပ်ဟင်နရီသည် ကင်ညာနိုင်ငံတွင် သမ္မတ ဝီလျံ ရူတို နှင့်တွေ့ဆုံပြီး ဟေတီ၌ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေး နိုင်ငံတကာတပ်ဖွဲ့ကို ဦးဆောင်ပေးရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

စနေနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကင်သည် ကင်ညာသမ္မတနှင့် ဆက်သွယ်စကားပြောခဲ့ပြီး ဟေတီအရေးဖြေရှင်းရန် နိုင်ငံတကာတပ်ဖွဲ့ ဝင်ရောက်ထိန်းသိမ်းရေး သဘောတူခဲ့သည်ဟု သိရသည်။

ဟေတီလက်နက်ကိုင်ဂိုဏ်းများသည် ဝန်ကြီးချုပ်ဟင်နရီ ပြည်ပသို့ရောက်ရှိနေစဉ် တိုက်ခိုက်မှု အရှိန်မြှင့်တင်ခဲ့ပြီး အဓိကကျသော လေဆိပ်နှင့် အကျဉ်းထောင်နှစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ကာ အကျဉ်းသားထောင်ပေါင်းများစွာကို လွှတ်ပေးခဲ့သည်။

လက်နက်ကိုင်ဂိုဏ်းများသည် ဝန်ကြီးချုပ် ဟင်နရီကို ဖယ်ရှားရန်ကြိုးစားနေသော်လည်း ဖယ်ရှားပြီးနောက် ၎င်းတို့​၏ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

G-9 ဟုအမည်ပေးထားသည့် ရဲအရာရှိဟောင်း ဂျင်မီ ဘာဘီကျူ ဦးဆောင်သော လက်နက်ကိုင် ဂိုဏ်းအုပ်စုက ဝန်ကြီးချုပ် ဟင်နရီ ရာထူးမှဆင်းမပေးလျှင် ဟေတီတွင် ပြည်တွင်း စစ်ဆက်လက် ဖြစ်ပွားပြီး လူမျိုးတုန်းသတ်ကဖတ်မှုအထိ ဖြစ်ပေါ်လာနိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။

ဟေတီပြည်တွင်းမငြိမ်မသက်ဖြစ်မှုကြောင့် ဟေတီနိုင်ငံသား ၃၆၂၀၀၀ တို့ နေရပ်စွန့်ခွါ ထွက်ပြေး နေကြရသည်ဟု ရွှေ့ပြောင်းအခြေချမှုဆိုင်ရာနိုင်ငံတကာအဖွဲ့ (IOM)က ပြောကြားခဲ့သည်။ NN-27/ ref:AFP/bbcworld

 

ဆက်စပ် သတင်းများ