- Web Master
- ၁၅ ဇွန် ၂၀၂၃
ရခိုင်ပြည်နယ်အတွင်း လယ်ယာလုပ်ငန်းခွင်များ၌ သွင်းအားစုများ
စျေးမြင့်တက်နေ၍ မောင်တောမြို့နယ်တွင်
လယ်ယာလုပ်ငန်းများ လုပ်ကိုင်သူ မရှိသလောက် နည်းပါးလာသည်ဟု
ဒေသခံများက ပြောသည်။
စပါးစိုက်ပျိုးရာတွင်
အဓိက သွင်းအားစုဖြစ်သည့်
ဓါတ်မြေဩဇာများ၊ ထွန်ယက်စရိတ်များ၊ ထွန်ယက်ရန်အတွက် စက်သုံးဆီများကို လုံလုံလောက်လောက်
မသုံးစွဲနိုင်၍ လယ်ယာ လုပ်ကိုင်သူများလည်း
မရှိသလောက် လျော့နည်းလာသည်ဟု မောင်တောမြို့၊ (၄) မိုင်ရပ်ကွက်မှ ဒေသခံတစ်ဦးက
နိရဉ္စရာကိုပြောသည်။
“ဓါတ်မြေဩဇာ ဈေးနှုန်းတွေ ပိုကြီးလာတော့ အရင်းက တအားကြီးတာပေါ့။
မြေဩဇာ ဝယ်မသုံးနိုင်ကြတာများတယ်။ အဲ့တော့
စပါးတွေက ဖွံ့ဖြိုးမှုမရှိဘူး။ စပါးက မဖြစ်ထွန်းတဲ့အတွက် အရှုံးပေါ်ကြတယ်။ ဒါကြောင့် လယ်သမားတွေက
စိတ်ဓါတ်ကျပြီး တစ်နှစ်ထက် တစ်နှစ်
လယ်လုပ်တဲ့သူတွေ
မရှိသလောက် ဖြစ်လာပါတယ် ” ဟုပြောသည်။
လက်ရှိ
ဓါတ်မြေဩဇာ တစ်အိတ်ကို ကျပ် ၁ သိန်းခန့်ရှိနေပြီး ထွန်ယက်စိုက်ပျိုးရန် အလုပ်သမား ငှားရမ်းခမှာလည်း
လယ်တစ်ဧကလျှင် ၈ သောင်းခန့် ပေးနေရသည်ဟု
လယ်သမားများက ပြောသည်။
စျေးနှုန်းများအလွန်တရာမြင့်တက်
ဓါတ်မြေဩဇာအတွက် ငွေကြေးမသုံးနိုင်သည့်
လယ်သမားများတွင်လည်း စပါးပေါ်ချိန်တွင် စပါးစေ့များ ဖွံ့ဖြိုးမှုမရှိဘဲ ရလဒ်များမကောင်းသည့်
အတွက်ကြောင့် လယ်ယာလုပ်ငန်းကို
စွန့်လွှတ်သူများပြားလာသည်ဟု
ဒေသခံများက ပြောဆိုကြသည်။
ဓါတ်မြေဩဇာ
သယ်ယူပို့ဆောင်သည့် ကုန်းလမ်း၊
ရေလမ်းများကို အဘက်ဘက်မှ ပိတ်ဆို့ထားပြီး လိုအပ်သည့် မြေဩဇာများကို အလွယ်တကူ ဝယ်ယူ
မရရှိနိုင်သောကြောင့် ဈေးအဆမတန် မြင့်တက်လာနေခြင်းဖြစ်သည်ဟု
လယ်သမားများက ဆိုကြသည်။
အုပ်ချုပ်သည့်အစိုးရအနေဖြင့် လယ်သမားများတွင် လိုအပ်သည့်
မြေဩဇာများကို စီမံခန့်ခွဲပေးပြီး ရရှိလာသည့် ဆန်စပါးများကို
ရောင်းချရမည့်နေရာဈေးကွက်များအာ
“အဓိက မြေဆီတွေကို ပိတ်ဆို့ထားတော့ အလွန်တရာ ဈေးကြီးလာတာပေါ့။ တစ်ဧကမှာ
စပါး ၈၀ ထွက်တဲ့နေရာမှာ ၄၀ လည်း မထွက်တော့ဘူး။
၃၀ လည်း မထွက်တော့ဘူး။ တကယ်ဆိုရင် တောင်သူတွေအပေါ် လယ်ဧက ဘယ်လောက်ရှိလဲ။ အဲ့အတွက် အစိုးရက
လျှော့ပေါ့ဈေးနဲ့ ရောင်းပေးစေချင်တာပေါ့။ အဲ့လို
ရောင်းပေးမယ်ဆိုရင် လယ်လုပ်ငန်းတွေ ပိုစိတ်ဝင်စား လာကြမယ်။
အဓိက လုပ်သားလည်း
ရှားလာတယ်။ မြေဆီ (ဓာတ်မြေဩဇာ) တွေလည်း လာတယ်ဆိုတော့ လယ်ယာဘက်ကို စိတ်ဝင်စားမှု မရှိတော့ဘူးပေါ့လေ ” ပြောသည်။
လယ်ယာလုပ်ငန်း တစ်နှစ်ထက် တစ်နှစ် အရှုံးပေါ်လာသဖြင့် ပြီးခဲ့သည့်
မိုးရာသီက မိုးစပါးစိုက်ပျိုးသူ ပိုမိုကျဆင်းခဲ့သည်ဟု ၎င်းက
ဆက်ပြောသည်။
“ဒီနှစ်လည်း စပါးစိုက်ပျိုးသူ သိပ်မတွေ့သေးဘူး။ မောင်တောဘက်တွေက
လယ်စပါး စိုက်ပျိုးသူတွေ သိပ်မရှိတော့ဘူး။
၈ နှစ်လောက်တောင် ရှိပြီ။ လုပ်အားခနဲ့ အရင်းစိုက်ရတာနဲ့ ရလာတဲ့ ထွက်ငွေ ဝင်ငွေက မကိုက်လို့ပေါ့။
အလုပ်သမားခ ဈေးများလာတယ်။ စပါးကလည်း
မဖြစ်။ အဓိက အစိုးရကလည်း စက်ကိရိယာတွေ ထောက်ပံ့ပေးရမယ်။ ရရှိလာတဲ့ ဆန်စပါးအပေါ်လည်း ရောင်းချမဲ့
နေရာကို အစိုးရက အကောင်အထည် ဖော်ပေးဖို့
လိုတယ်
” ဟုပြောသည်။
ထိုသို့
မိမိတို့ မြို့နယ်တွင် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာပြီ ဆန်ကို ပြင်ပမြို့နယ်များက ဝယ်ယူစားသုံးရသည့်အတွက်ကြောင့်
ယခင်ထက် ဆန်ဈေးနှုန်းများလည်း အဆမတန်
မြင့်တက်လာသည်ဟုလည်း နောက်ဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
“ကိုယ့်ဒေသက စပါးထွက်ရင် ဆန်တစ်အိတ်ကို ၃ သောင်းပေးရမဲ့ နေရာမှာ
တခြား
ပြည်မဘက်က
မှာဝယ်ရရင် အဲ့ထက် ၇ သောင်းလောက်
ပေးချင်ပေးရတယ်။ တစ်ဆနဲ့ ရမဲ့နေရာမှာ နှစ်ဆပေးရတာမျိုးတွေ ရှိလာတော့ လက်လုပ်လက်စားအနေနဲ့
ပိုအခက်အခဲတွေ ရှိလာတာပေါ့ ” ဟုပြောသည်။
မောင်တောမြို့နယ်တွင် ပြီးခဲ့သည့်နှစ် စပါးပေါ်ချိန်၌
ပေါ်ဆန်းမွှေးဆန် တစ်အိတ်ကို ၇၅၀၀၀ ကျပ်၊ သီရိဒုံ
တစ်အိတ်ကို ၅၀၀၀၀ ကျပ်၊ မနောသုခ တစ်အိတ်ကို ၄၃၀၀၀ ကျပ် ရှိခဲ့ပြီး လက်ရှိတွင် ပေါ်ဆန်မွှေးဆန် တစ်အိတ်ကို
၁၁၀၀၀၀ ကျပ်၊ သီရိဒုံ တစ်အိတ်ကို ၉၀၀၀၀
ကျပ်၊ မနောသုခ တစ်အိတ်ကို ၈၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာသည်ဟု မောင်တောမြို့ ဆန်ဆိုင်ပိုင်ရှင်များမှ
ပြောသည်။
စပါးပေါ်ချိန်မှစ၍ ဆန်ဈေးနှုန်းများမှာ တဖြေးတဖြေး
မြင့်တက်လာသည့်အပြင် မောင်တောဘက်ကို
ဆန်တင်ပို့သည့်
တန်ဆာခ ပေးဆောင်ရသော ငွေကြေးမှာလည်း ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀ မှ ကျပ် ၂၅၀၀ အထိ
ပေးနေရကြောင်းလည်း ဆန်ပိုင်ရှင်တစ်ဦးက
နိရဉ္စရာကိုပြောသည်။
“ကျွန်တော်တို့မှာက ဝယ်တဲ့သူတွေဆီက ဈေးအတိုင်း ရောင်းရတာပေါ့။
ဈေးတက်ရင်တက်တယ်။ ဈေးကျရင် ကျတာပေါ့။ အခုက ဈေးပိုတက်နေတယ်။
ဆန်စက်ရုံတွေကို ဘာလို့ ဈေးတက်တာလဲ မေးတော့ စပါးဝယ်လို့မရဘူး။
သူတို့မှာ စပါးဝယ်ရတာ အခက်အခဲရှိတယ်လို့ ပြောကြတယ်။ တချို့က ပြည်မဘက်ကို တင်ပို့တယ်လို့လည်း
ပြောကြတယ်။ သေချာတော့ မသိဘူး ” ဟုပြောသည်။
မောင်တောမြို့နယ်တွင်
၂၀၁၇ ခုနှစ်နောက်ပိုင်းမှ
စတင်၍ လုပ်ယာလုပ်ငန်းလုပ်ကိုင်သူ သိသိသာသာ လျော့နည်းလာပြီး
လက်ရှိ ၎င်းလယ်မြေများသည် ဟင်းလင်းပြင်များ၊ မြေရိုင်းများနှင့် ခြုံနွယ်များ
လွှမ်းမိုး၍ ရှိနေသလို တချို့လယ်မြေများကို
အစိုးရက သိမ်းယူပြီး အဆောက်အဦများ ဆောက်ထားလျက်ရှိသည်ဟုလည်း
၎င်းတို့က ပြောသည်။
လက်ရှိ
မောင်တောဒေသတွင် အများအားဖြင့်
အစိုးရဝန်ထမ်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ လက်လုပ်လက်စားနှင့် ဟင်းသီးဟင်းရွက်
ရောင်းချသူများသာ ပိုမိုများပြားလာပြီး လယ်ယာလုပ်ကိုင်သူများ
ရှားပါးလာသည်ဟုလည်း မောင်တောဒေသခံများက ပြောကြသည်။ (NN-13)