တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

ရခိုင်မှ လယ်သမား ၈၅ ရာနှုန်း ယခုနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး၍မရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9k

နိရ ဉ္စရာ၊ ဇွန် ၁၆/ ၂၀၂၂
ရခိုင်ပြည်နယ်အတွင်းမှ လယ်သမား ၈၅ ရာခိုင်နှုန်းသည် ယခုနှစ်မိုးစပါးစိုက်ရာသီအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ချေး၍မရဖြစ်နေကြသည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ဦးအောင်ကျော်မြက နိရဥ္စရာကိုပြောသည်။
“၈၅ ရာခိုင်နှုန်းသော လယ်သမားတွေက ချေးငွေပြန်မဆပ်နိုင်ဘူး။ ၁၅ ရာခိုင်နှုန်းသော လယ်သမားတွေကသာ ဆပ်နိုင်မယ်။ လယ်တစ်ခုတည်းနဲ့ အသက်မွေးနေတဲ့လူက မဆပ်နိုင်ဘူး”ဟု ပြောသည်။
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်နှင့် ၂ဝ၂ဝ ပြည့်နှစ်တို့တွင် တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးတို့ဒဏ်ကို ရင်ဆိုင်ခဲ့ရ၍ လယ်ယာလုပ်ငန်းခွင်များကို ပုံမှန်လုပ်ကိုင်နိုင်ခြင်းမရှိခဲ့ဟု သိရသည်။
ယင်းအပြင် ၂ဝ၂၁ ခုနှစ်တွင် အာဏာသိမ်းမှုဖြစ်စဉ်တို့ကြောင့် ဓာတ်မြေဇာနှင့် ကုန်စျေးနှုန်းများ အဆမတန််မြင့်တက်ခဲ့၍ လယ်ယာလုပ်ငန်းခွင်များတွင် လိုအပ်သည့်သွင်းအားစုများကိုလည်း လိုအပ်သလောက်မသုံးစွဲနိုင်ခဲ့ဟု လယ်သမားများက ပြောသည်။
ယင်းကြောင့် စပါးအထွက်နှုန်းများလည်း ဆိုးဆိုးဝါးဝါးကျဆင်းခဲ့ကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း ပုံမှန်အတိုင်း ပြန်မဆပ်နိုင်ခဲ့ဟု ဆိုသည်။
ယင်းသို့ အခက်အခဲများကို ငဲ့ညှာ၍ ယခုနှစ်တွင်လည်း ရခိုင်မှလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများအား ချေးပေးသင့်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ဦးအောင်ကျော်မြက နိရဥ္စရာကိုပြောသည်။
"စပါးစိုက်ပျိုးဖို့အတွက် သွင်းအားစုတွေလိုအယ်တယ်။ ချေးငွေမရတော့ စပါးစိုက်ပျိုးဖို့ သွင်းအားစုတွေ ဝယ်ယူလို့မရဘူး” ဟု ပြောသည်။
ရခိုင်တစ်ပြည်လုံးတွင် ၂ဝ၂ဝ ပြည့်နှစ်မှ ၂ဝ၂၂ ခုနှစ်အထိ လယ်သမားဦးရေ ၃ သောင်း ၁ ထောင်ကျော်ကို စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် တစ်ပြည်လုံးရှိ လယ်သမား ၅,၅၃၂ ဦးကိုသာ ကျပ်သန်း ၄ ထောင် ထုတ်ချေးထားနိုင်သည်ဟုလည်း စစ်တွေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
စစ်တွေခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးမိုးဇော်ကြွယ်က "ချေးငွေမရတာက ပုံမှန်နှစ်စဉ်ချေးထားတဲ့ ချေးငွေတွေကျေမှ ချေးငွေအသစ်ပြန်ထုတ်ချေးပေးတယ်။ လယ်သမားတစ်ယောက် ချေးငွေရဖို့ဆိုရင် အရင်ကချေးထားတဲ့ ချေးငွေပြန်ပေးဖို့လိုတယ်။ ချေးငွေကျေမှ ပြန်ထုတ်ပေးတယ်"ဟု ပြောသည်။
ချေးငွေပြန်မဆပ်နိုင်သည့်လယ်သမားများကိုလည်း ဥပဒေအရအရေးယူဘဲ ချေးငွေများပြန်လည်ဆပ်နိုင်စေရန် ကျေးရွာများအထိ ကွင်းဆင်းကာ စည်းရုံးနေရသည်ဟုလည်း ဆက်ပြောသည်။
ယခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေမရရှိခြင်း၊ ကုန်စျေးနှုန်းများအဆမတန်မြင့်တက်နေခြင်း၊ သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့် ထွန်ယက်ရန် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းနှင့် ထွန်ယက်စိုက်ပျိုးခမြင့်တက်နေခြင်းတို့ကြောင့် ရခိုင်မှ လယ်သမား ၅ဝ ရာနှုန်းခန့် လယ်ယာလုပ်ငန်းကို မလုပ်ကိုင်နိုင်ဖြစ်နေရသည်ဟု ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။ (NN-12)

ဆက်စပ် သတင်းများ