တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ရှိ ဘကော့စ်ဘဇား နှင့် ဘာဆန်ချားရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် ဗြိတိန်က ပေါင် ၃ သန်း ထောက်ပံ့မည်ဟုကြေညာ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 792

ကော့စ်ဘဇား နှင့် ဘာဆန်ချားရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် ဗြိတိန်နိုင်ငံက အပိုထောက်ပံ့ငွေ ပေါင် သုံးသန်း( တာကာ သန်း- ၄၂၀) ထပ်မံ ပေးအပ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဗြိတိန် နိုင်ငံခြားရေးဌာန၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေး အမြဲတမ်းလက်ထောက် အတွင်းဝန် ဆာ ဖိလစ်ဘာတန်က ထုတ်ဖော် ကြေညာလိုက်သည်။

“ ကော့စ်ဘဇား နဲ့ ဘာဆန်ချားမှာ ရှိတဲ့ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းတဲ့ရေ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု နဲ့ ချက်ပြုတ်ရေးလောင်စာဆီများ ကူညီဖို့ ဗြိတိန်နိုင်ငံက UNHCR ကို ပေါင် ၃သန်း ပေးအပ် လှူဒါန်းသွားမယ့် အကြောင်း ဝမ်းမြောက်စွာနဲ့ အသိပေးပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော ဆာ ဖိလစ် ဘာတန်က ပြောကြားခဲ့သည်။

အဆိုပါ ရန်ပုံငွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) မှတစ်ဆင့် ပေးအပ်သွားမည်ဟု သိရှိရသည်။

ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များ ဖိနှိပ်ရက်စက်ခံရပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာခဲ့ရသည့် ၂၀၁၇ ခုနှစ်၊ လွန်ခဲ့သည့် ခြောက်နှစ်မှ စ၍ ဗြိတိန်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်ရှိ ၎င်းဒုက္ခသည်များနှင့်အတူ ရပ်တည်နေကြောင်း ဘာတန်က ပြောကြားခဲ့သည်။

“ သင့်လျော်တဲ့အခြေအနေတစ်ခုမှာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ဆန္ဒအလျောက် ပြန်သွားနိုင်ဖို့ ရေရှည် ဖြေရှင်းချက်ရရှိရေးကို ကျွန်တော်တို့ ဆက်ပြီး တွန်းအားပေးနေပါတယ်” ဟု ပြောကြားခဲ့ပြီး ဗြိတိန်နိုင်ငံ၏ ကတိကဝတ်အတိုင်း မွတ်ဆလင်ဒုက္ခသည်များနှင့် ၄င်းတို့ကို လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား အမြဲတမ်း ထောက်ပံ့ပေးနေမည်ဟု ဘာတန်က ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၇ခုနှစ်မှစ၍ ဗြိတိန်နိုင်ငံသည် မွတ်ဆလင်ဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ်ရှိ လူမှုအသိုက်အဝန်းကို ပေါင် ၃၆၅သန်း( တာကာ-၅၀ဘီလျံ) ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ဆာ ဖိလစ်ဘာတန်သည် ပဉ္စမအကြိမ် ဗြိတိန်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာ ဆွေးနွေးပွဲ တက်ရောက်ရန် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

 NN-27

ref:The Financial Express

ဆက်စပ် သတင်းများ