တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြန်မာ့စစ်ရေးအရှိန်မြင့်တက်နေချိန် စစ်ကောင်စီဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီးတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၀၆ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 936

မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီး Mr. Sun Weidong တို့သည် ဇန်နဝါရီ ၅ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ်အရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

၎င်းပြင်နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။

တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးနှင့်​ စစ်ကောင်စီဥက္ကဋ္ဌတို့ဆွေးနွေးပွဲသို့  စကစ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H. E. Mr. Chen Hai၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်ဟု သိရသည်

ယခုမြန်မာစစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်တို့ ဆွေးနွေးသည့် အချိန်သည် ရှမ်းပြည် မြောက်ပိုင်းတွင် စစ်ရေးပြင်းထန်နေပြီး လောက်ကိုင်မြို့ကိုလည်း ကိုးကန့် (  MNDAA)က သိမ်းပိုက်ထိန်းချုပ်လိုက်သည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

၎င်းပြင် လာမည့်  ဇန်နဝါရီ ၇ ရက်မှ ၉ ရက်နေ့၌ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် ညီနောင်သုံးဖွဲ့ ( MNDAA, TNLA and AA) တို့ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပြုလုပ်မည့် တတိယအကြိမ် ဆွေးနွေးပွဲလည်း ရှိနေသည်။

မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဒုတိယဝန်ကြီး Mr. Sun Weidong တို့၏ ဆွေးနွေးမှုသည် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တတိယအကြိမ် ဆွေးနွေးပွဲထိ သက်ရောက်မှုရှိနိုင်သည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ဆက်စပ် သတင်းများ