ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

ကော့စ်ဘဇား ဒုက္ခသည်စခန်းတစ်ခုတွင် အာဆာအဖွဲ့ဝင် ၄ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ ဘင်္ဂလာရဲဖမ်းမိ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 998

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားရှိ ဒုက္ခသည် စခန်းတစ်ခုတွင် အာဆာ (ARSA) အဖွဲ့ဝင် ၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဘင်္ဂလားဒေ့ရ် ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများမှာ Mohammed Amin (23)၊ Petan Sharif (43)၊ Abul Kashem (33) နှင့် Syedur Rahman (25)တို့ ဖြစ်ကြသည်။   ၎င်းတို့သည် ကော့စ်ဘဇားခရိုင် အိုကီးယားမြို့နယ်ရှိ ဒုက္ခသည် စခန်းအသီးသီးတွင် နေထိုင်သူများဖြစ်ကြကာ အာဆာ၏ ထိပ်တန်း အကြမ်းဖက်သမားများ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အမှတ် (၈) တပ်ရင်း (APBN) ရဲတပ်မှူး  Amir Zafar က မှ ပြောကြားခဲ့သည်။

၎င်းတို့သည် ကော့ဘဇားရှိ ဒုက္ခသည်စခန်းကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသော (ARSA ) မှ အဖွဲ့ဝင် ၄ ဦးတို့ ဖြစ်ကြသည်ဟု  ဖေဖော်ဝါရီ ၂၃ ရက် သောကြာနေ့ နံနက် ၁၁:၃၀ ခန့်တွင် အိုကီးယားမြို့ အမှတ် (၈)ရဲတပ်ဖွဲ့ ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်  ၎င်းက အတည်ပြု ပြောဆိုခဲ့သည်။ 

ကြာသပတေးနေ့  ဖေဖော်ဝါရီ ၂၂ ရက်  ည ၁၂ နာရီခန့်တွင် အိုကီးယားမြို့နယ်၊  Jamtali ရှိ ဒုက္ခသည် စခန်းအမှတ် ၁၅ ကို  ဝင်ရောက်စီးနင်းစဉ် ၎င်းတို့ ၄ ဦးအား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ထံက ဒေသန္တရလုပ်သေနတ် ၅ လက်၊ LG ၁ လက်၊ ရိုင်ဖယ်ကျည် ၃၆ တောင့်၊ တစ်ခြား ကျည် ၈ တောင့်၊ ၁၂ ဗို့ သေနတ်ကျည် ၄ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ ဗြောက်အိုးကြီး ၃ လုံး၊ walkie talkie တစ်စုံ၊ ဓားမြှောင်ကြီး ၂ ချောင်း၊ လောက်လေးခွ ၁ လက်နှင့် သံ ၂  ချောင်း သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် ရဲမှူး Amir Zafar က “ဒီစစ်ဆင်ရေးဟာ ဒုက္ခသည်စခန်းမှာ အဖျက်အဆီးတွေဖန်တီးဖို့အတွက် စခန်းအမှတ် ၁၅ မှာ လက်နက်ခဲယမ်းမီးကျောက်တွေ အမြောက်အမြားနဲ့ Arsa အကြမ်းဖက်သမားတွေ နေရာယူထားတယ်ဆိုတဲ့ လျှို့ဝှက်သတင်းအရ ဒီစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာပါ။ စစ်ဆင်ရေးအတွင်း ကျွန်တော်တို့ အဖွဲ့ဝင်တွေ သတ်မှတ်နေရာ ရောက်ရှိချိန်မှာတော့  Arsa အကြမ်းဖက်သမားများ စတင်ထွက်ပြေးသွားခဲ့ကြတယ်။  ၎င်းတို့ကို လိုက်ဖမ်းပြီးနောက် လူ ၄ ဦးကို ဖမ်းဆီးခဲ့ပေမယ့် ကျန် တစ်ဒါဇင်ခန့် လူတွေကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်။ ဖမ်းဆီးမိတဲ့ လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေကိုလည်း  သူတို့ထံကနေ သိမ်းဆည်းရမိခဲ့ပါတယ်” ဟု ပြောကြားသည်။ 

ဖမ်းဆီးခံထားရသည့်  အကြမ်းဖက်သမားများကို ထောက်လှမ်းရေးအချက်အလက်နှင့်  စစ်ဆေးမေးမြန်းမှုများအရ စခန်းကို သိမ်းပိုက်ရန်နှင့် ကြီးကြီးမားမား အဖျက်အမှောင့်တစ်ခု ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားကြသည်ဟု ဆိုသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ အိုကီးယားမြို့မ  ရဲစခန်းတွင် အမှုဖွင့်ပြီးနောက် ထိန်းသိမ်း ခံထားရသူများအား တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ