စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်မြို့အား KIA နှင့်တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

လူထက်နိုင်(ဒွာရာမြီ)၊ နိရဥ္စရာ ၊ မတ် ၂၉ / ၂၀၂၄

မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်မြို့အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ မတ် ၂၉ ရက်ရက်နေ့တွင် ပိတ်ဆို့ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသတွင်း သတင်း အရင်းမြစ်များထံမှသိရသည်။

“ ဟုတ်ပါတယ် လွယ်ဂျယ်ကို ဝိုင်းထားပြီးထိန်းချုပ်ထားတာပါ။ စစ်ခန်းတွေတော်တော်သိမ်း နေတယ်။လိုင်ဇာနားမှာလည်း စစ်ကောင်စီခန်းတွေ ရထားပါပြီ” ဟု  တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တစ်ခုမှ အမျိုးသမီးတစ်ဦးမှ ပြောသည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ အနီး စစ်ကောင်စီ၏ အမှတ် - ၃၆၆ ယောယုံ အမြောက်တပ်နှင့် ဖလန်းတောင်တပ်စခန်းအား ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)  မတ်လ၂၈ရက်တွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှလည်း  လေကြောင်းအသုံးပြုကာ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယောယုံ အမြောက်တပ်စခန်းသည် လွယ်ဂျယ်မြို့နှင့် ၇ မိုင်ခန့်အကွာတွင်တည်ရှိပြီး စစ်ရေးအရ အရေးပါသည့် စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။


လွယ်ဂျယ်မြို့အား (KIA) မှပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ ထွက်ခွာခွင့်ပေးထားကြောင်း သိရသည်။

စစ်ကောင်စီ၏  တပ်စခန်း ၇ခုအား KIAမှ မတ်လ ၂၇ ရက်နှင့် ၂၈ ရက်တွင် တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လွယ်ဂျယ်မြို့အားပိတ်ဆို့ထားရာစစ်ကောင်စီတပ်ဖွဲ့၀င်များ နယ်စပ်ဖြတ်ကျော် ၍ ထွက်ပြေး ရာတွင် တရုတ်ဘက်မှလက်ခံခြင်း မပြုသောကြောင့် စစ်ကောင်စီ တပ်သားများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများ ထွက်ခွာရန် ညှိနှိုင်းနေကြကြောင်း သိရသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ တပ်စခန်းများအား မတ် ၂၇ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ရှန်းတိုင်း၊ ဘန်ယောင်း၊ လော့မွန်၊ ဖလန်း စစ်ကောင်စီတပ်နှင့် ဗျူဟာမှူးထိုင်သည့်ယောယုံတပ်စခန်းအား သိမ်းပိုက်ထားကြောင်း KIO သတင်းနှင့် ပြန်ကြားရေးဌာ၏ The Kachin Net ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မတ် ၂၈ ရက်နေ့၌ ဖော်ပြထားသည်။

KIA ဌာနချုပ် လိုင်ဇာအနီးရှိ မိုးမောက်၊ ဝိုင်းမော်မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းများအား KIA နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း ၄၀ ကျော် သိမ်းပိုက်ထားကြောင်းသိရသည်။

ဓာတ်ပုံ-The Kachin Net

ဆက်စပ် သတင်းများ