ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

KIA တပ်မဟာ ၉ ဌာနချုပ်နှင့် အနန့်ပါကျေးရွာများအား စစ်ကောင်စီတပ်က ဗုံးကြဲ၍ ထိခိုက်မှုရှိဟုဆို


  • ရေးသူ: Web Master (NN 15)
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 922

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ ၉ ဌာနချုပ်နှင့် အနန့်ပါကျေးရွာများအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံများနှင့် ကချင်ဒေသသတင်းများအရ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KIA တပ်ဖွဲ့ဝင်အချို့နှင့် ပြည်သူအချို့ ထိခိုက်မှုရှိကြောင်း ကချင်သတင်းများက ဖော်ပြကြသည်။

ကချင်ဒေသခံတစ်ဦးက "မနေ့ကဖြစ်သွားတာက ၄ နာရီ ၄၅ လောက်ပေါ့နော်။ ဗုံးကြဲသွားတာ အနန့်ပါအပါအဝင် သုံးနေရာကို ကောင်းကောင်ထိတယ်။ မနှစ်တုန်းကပစ်ထားတဲ့နေရာနားမှာ တစ်ခေါက်၊ တရားရုံးပတ်ဝန်းကျင်မှာ။ နောက်ပြီး ဂေါက်ကွင်းနေရာတွေထိတယ်" ဟု နိရဥ္ဇရာကိုပြောသည်။

အနန့်ပါကျေးရွာနှင့် တပ်မဟာ ၉ နှစ်နေရာတိုက်ခိုက်ခံရမှုတွင် KIA အထက်တန်းအရာရှိအချို့အပါအဝင် တပ်သားအဆင့် သေဆုံးသူများရှိခဲ့ကြောင်း ကချင်သတင်းများကဆိုသော်လည်း နိရဥ္စရာက သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

အောက်တိုဘာ ၁၆ ရက်၊ မွန်းလွဲပိုင်း ၄ နာရီကျော်ခန့်တွင် မြစ်ကြီးနားလေတပ်ကစခန်းမှ KIA တပ်မဟာ ၉ နေရာဘက်သို့ ဂျက်ဖိုက်တာ ၃ စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကံဆီး(Ginsi) စစ်တပ်ကုန်းမှလည်း အနန့်ပါဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်ကလည်း အနန့်ပါကျေးရွာတွင် (၆၂) နှစ်ပြည့် KIO အထိမ်းအမှတ် ကြိုဆိုပွဲလုပ်ရန် စီစဉ်နေစဉ် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၆၀ ကျော်သေဆုံးမှု ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၉ ရက်ညကလည်း ကချင်ပြည်နယ်၊ လိုင်ဇာ မြို့မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးမှုရှိခဲ့ပြီး ၅၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ (NN-15)

 

ဓာတ်ပုံ - အင်တာနက်

 

 

ဆက်စပ် သတင်းများ