- Web Master
- ၁၂ ဇန်နဝါရီ ၂၀၂၁
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇွန် ၂၆/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအနီးတွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဒေသခံကျေးရွာသားတစ်ဦး ဒဏ်ရာရှိသွားကြောင်း သတင်း ရရှိသည်။
သေနတ်ဒဏ်ရာ ရရှိသွားသူမှာ ကျောက်တော်မြို့နယ် သာယာကုန်း ကျေးရွာမှ ဦးကျော်သောင်းစိန်၏သား ဝင်းမောင်(၃၂) နှစ်ဖြစ်သည်။
၄င်းသည် ယနေ့ နံနက် ၉ နာရီခန့်က မဟာမုနိဘုရားကြီး မြောက်ဘက် ခဝါကန် အနီးတွင် ကျွဲကျောင်းနေစဉ် သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု သေနတ်ထိမှန်ခဲ့သည့် ကာယကံရှင် ဦးဝင်းမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“တိုက်ပွဲဖြစ်ပွားတာက အဝေးကြီးမှာဆိုတော့ နံနက်ပိုင်း ၉နာရီခန့်မှာ ကျနော်နဲ့ ကျနော့်ဘကြီး မနက်က ကျွဲလွှတ်ပြီး ဘုရားမြောက်ဘက်က ခဝါကန် နားမှာ ကျွဲကျောင်းပြီးထိုင်နေတာပါ။ အဲဒီအချိန်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်လာပါတယ်။ ကျနော်တို့ကလည်း ကြောက်ပြီး ရွာဘက်ကို ပြေးတဲ့အချိန်မှာ ကျည်ဆံက လာထိတာပါ ”ဟု ကိုဝင်းမောင်က ပြေသည်။
သေနတ် ဒဏ်ရာရရှိသွားသည့် ဝင်းမောင်မှာ ဘယ်ဘက်ပေါင်ရှပ်ထိဒဏ်ရာ တစ်ချက်၊ ညာဘက် ခြေသလုံး ကျည်ဆံဖေါက်ဝင်ဒဏ်ရာ တစ်ချက် စုစုပေါင်း ဒဏ်ရာ ၂ချက်ရရှိသွားကာ လက်ရှိတွင် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ၄င်းကပြောသည်။
တိုက်ပွဲဖြစ်မှာ မဟာမုနိ ဘုရားကြီး၏ အရှေ့ဘက် ၆ဖာလုံခန့်အကွာ တက်လမ်းတောင် အနီးမှာဖြစ်ပွားခဲ့ကြောင်း၊ နံနက် အစောကြီး ၄ နာရီကျော် လောက်မှ စဖြစ်ခဲ့ကြောင်း၊ အမြောက်သံ လက်နက်ကြီး လက်နက်ငယ်အသံများ ကြားနေရကြောင်း၊ ၄နာရီ ၂ဝလောက်ကနေ ၅ နာရီဝန်းကျင်အထိကြားခဲ့ရကြောင်း၊ ဒေသအတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းရန် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ပြောရေး ဆိုခွင့် ရှိသူ စစ်ဦးစီး ပထမတန်းဗိုလ်မှူးကြီး ဝင်းဇော်ဦး အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိခဲ့သဖြင့် တပ်ဘက်က သဘောထားကို တင်ပြပေးနိုင်ခြင်းမရှိသေးပါ။