တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် စစ်ကြောင်းတစ်ခုက အဓမ္မအလုပ်ခိုင်းစေမှုရှိဟု ရွာသားများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.4k

ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၂ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ တံခွန်တိုင်ရွာမှ ရွာသား သုံးဦးကို စစ်ကြောင်းတစ်ခုက တစ်နာရီကြာ အဓမ္မ အလုပ်စေခိုင်းခဲ့သည်ဟု ကာယကံရှင်များက ပြောကြားသည်။

၎င်းစစ်ကြောင်းသည် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီကျော်က မင်းပြားမြို့နယ်၊ တံခွန်တိုင်ကျေးရွာမှ ကုလားမတောင်ကျေးရွာသို့အသွား ချောင်းကို ဖြတ်ကူးရာတွင် ကျေးရွာသား သုံးဦးကိုခေါ်ယူပြီး အကြိမ် ၄ဝ ခန့် ချောင်းကို ဟိုဘက်သည်ဘက်ကို ကူးကာ ပစ္စည်းအထုပ်အပိုးများကို သယ်ဆောင်ခိုင်းခဲ့သည်ဟု အခိုင်းခံခဲ့ရသူ ကာယကံရှင် တစ်ဦးက ပြောသည်။

အတင်းအဓမ္မ အလုပ်စေခိုင်းခံခဲ့ကြရသည့် တံခွန်တိုင်ရွာမှ ရွာသားများမှာ ဦးစိန်အေးသာ၊ ဦးမောင်လှအောင်နှင့် ကိုညီညီအောင်တို့ ဖြစ်ကြသည်။

“ ကျွန်တော်က ကျွဲအတွက် မြက်စာရိုက်နေတာပါ။ ရွာအရှေ့ဘက်က တံတားအနီးမှာပါ။ သူတို့က ခေါ်ပါတယ်။ ထွက်ပြေးရင် ပစ်သတ်လို့ ပြောပါတယ်။ သူတို့က ကျွန်တော်နဲ့ နောက်ထပ် ရွာသား နှစ်ဦးကို ခေါ်ယူပြီး အထုပ်အပိုးတွေကို ချောင်းဟိုဘက်ကို ပို့ခိုင်းပါတယ်။ ကျွန်တော်တို့လည်းကြောက်ပြီး ပို့ရပါတယ်။ သူတို့မှာ သေနတ်ပါတော့ သေမှာကြောက်တော့ လုပ်ရတာပေါ့။ ကျွန်တော်တိုရွာအရှေ့ဘက် ချောင်းငယ် တစ်ချောင်း ရှိပါတယ်။ ရေက လူတစ်ရပ်နီးပါး၊ လည်ပင်းလောက် ရောက်ပါတယ်။ အဲဒီချောင်းကို ဟိုဘက်ဒီဘက် ကူးပြီး ပို့ရတာပါ။ ကူးတို့လှေလည်း မရှိပါ။ အခေါက် သုံးလေးဆယ်လောက် ရေထဲဖြတ်ပြီး ပို့ရပါတယ်။ အရမ်းပင်ပန်းပါတယ်။ တစ်နာရီလောက်ကြာပါတယ်” ဟု စေခိုင်းခဲ့ရသူ တစ်ဦးက ပြောကြားသည်။

ထိုသို့ ပို့ဆောင်သော်လည်း အခကြေးငွေ တစ်စုံတစ်ရာ ပေးဆောင်ခဲ့ခြင်း မရှိဟု သူက ပြောသည်။

“ အခကြေးငွေ ပေးတာမရှိပါ။ ကျွန်တော်တို့လည်း ကြောက်ပြီး မတောင်းရဲပါ။ လူတွေကိုတော့ ဘာမှ အနိုင်ကျင့်တာ၊ ရိုက်နှက်တာတွေ မရှိပါ။ အထုပ်တွေကိုဘဲ တစ်ထုပ်ပြီး တစ်ထုပ် ပို့ခိုင်းပါတယ်။ ဟိုဘက်ကမ်းကို ပို့ပြီးတာနဲ့ ပြန်လွှတ်လိုက်ပါတယ်။ သူတို့ကတော့ ကုလားမတောင်ရွာကို ထွက်သွားကြပါတယ်” ဟု  ၎င်းက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ ဒါက လုံးဝ မဖြစ်နိုင်ဘူးဗျာ။ ကျွန်တော်တို့ အရပ်သားတွေကို ဒီလိုမျိုး မခိုင်းစေတာ ဆယ်စုလောက် နှစ်ခုလောက်ရှိနေပါပြီ။ ခိုင်းရင်လည်း ပိုက်ဆံပေးပြီးခိုင်းတာ ဖြစ်ပါတယ်။ အခုဟာက သက်သက်သူတို့ ပြောတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တပ်က ခိုင်းတာ လုံးဝ မဖြစ်နိုင်ဘူးဗျာ” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းက “ ကျွန်တော်ကို ရွာသားတွေက လုပ်အားပေးစေခိုင်းတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားပါတယ်။ ဒီအတွက် သိရှိထားပါပြီ။ ကျွန်တော်တို့ လွှတ်တော်မှာလည်း အပြစ်မဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အစိုးရကို တိုက်တွန်းသွားမယ့် အစီအစဉ်လည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဒါမျိုးတွေ နောက်ထပ် မဖြစ်အောင် တင်ပြဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်နီးပါးရှိနေပြီ ဖြစ်ပြီး တပ်မတော်မှ လုပ်အားပေးစေခိုင်းမှုမှာ မရှိသလောက် ဖြစ်နေခဲ့ရာမှ တိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးတွင် ယခုကဲ့သို့ စေခိုင်းခံရသဖြင့် ကြောက်လန့် စိုးရိမ်မှုများရှိနေကြောင်း တံခွန်တိုင်ကျေးရွာ အရပ်လူကြီး တစ်ဦးက ပြောသည်။

“ ဒီလ ၁၆ ရက်နေ့က သူတို့ စစ်ကြောင်းက  ဖုန်သာချောင်း မင်းဓမ္မဘက်ကလာပါတယ်။ အင်အား ၁ဝဝ ကျော်လောက်ပါပါတယ်။ ကျွန်တော်တို့ရွာက ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းတကာ ဦးဝေမောင်၊ ဦးကျော်မောင်ကြီး သုံးယောက်ကို တောင်ညိုတောင်နားကနေ ခေါ်ပါတယ်။ ရွာကိုဝင်ဖို့ ခေါ်ပါတယ်။ သူတို့နဲ့ အတူ ရွာကို ဝင်လာပြီး တစ်ည အိပ်ပါတယ်။ နောက်တစ်နေ့ နံနက်မှာ ကုလားမတောင်ကို ထွက်ပါတယ်။  ကုလားမတောင်နဲ့ ကျွန်တော်တို့ရွာက ၁၅ မိနစ်လောက်ဘဲ ဝေးပါတယ်။ အဲသလို ထွက်တဲ့အခါ လယ်မှာ မြေဆီ ကြဲနေတဲ့ ကျောင်းတကာ မောင်လှအောင်၊ စိန်အေးသာနဲ့ နောက် လူငယ် တစ်ဦးဖြစ်တဲ့ ညီညီအောင်တို့ ခေါ်ပြီးတော့ ပေါ်တာဆွဲယူသွားပါတယ်။ သူတို့က အထုပ် ၄ဝ လောက်ကို ချောင်းဟိုဘက်ကို ပို့ခိုင်းပါတယ်။ အဲဒီ စစ်ကြောင်းက ကားလမ်းအတိုင်းလည်း မသွားပါ။ ကုလားမတောင် နောက်ဘက်ချိုင်ကြားကနေ သွားတာပါ။ ကျွန်တော်တို့ ရွာနဲ့ ကုလားမတောင် အနီးမှာ တိုက်ပွဲဖြစ်နေတာ သုံးလေးကြိမ်ရှိပါပြီ။ ဒီလို အနေအထားမှာ ချောင်းကို ဖြတ်ပြီးကူးပြီး ပစ္စည်းတွေ၊ အထုပ်အပိုးတွေ ပို့ခိုင်းတော့ ရွာသားတွေက ကြောက်ကြတာ့ပေါ့” ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ