တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မြန်မာနိုင်ငံမှ စစ်သွေးကြွ (၉၀၀)ကျော် စိမ့်၀င်လာနိုင်သည့်အတွက် အိန္ဒိယ မဏိပူရ်ပြည်နယ်တွင် လုံခြုံရေး သတိပေးချက် မြှင့်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 181

ဂျွန်နသန်၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၁/ ၂၀၂၄

မြန်မာနိုင်ငံမှ ကူကီး စစ်သွေးကြွ (၉၀၀) ခန့်သည် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်အတွင်းသို့ စိမ့်ဝင်လာနိုင်သည့် အတွက် ပြည်နယ်အတွင်း လုံခြုံရေးသတိပေးချက်မြှင့်တင် ထားကြောင်း NewsX သတင်းဖော်ပြချက် အရသိရသည်။

မြန်မာနိုင်ငံမှ ကူကီးစစ်သွေးကြွဟု သံသယရှိသူ (၉၀၀)ခန့် ဝင်ရောက်လာနိုင်ကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရ ပြည်နယ်တွင် သတိပေးချက် မြှင့်တင် ထားကြောင်း အကြီးတန်း လုံခြုံရေးအရာရှိတစ်ဦးက စက်တင်ဘာ (၂၀)ရက်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ကူကီးစစ်သွေးကြွ (၉၀၀ )ခန့်သည် မဏိပူရ်ပြည်နယ်အတွင်းသို့ ဝင်ရောက် လာနိုင်သည် အတွက်ကြောင့် လက်ရှိ မဏိပူရပြည်နယ်၏ သည် လုံခြုံရေးသတိပေးချက် မြှင့်တင်ထားသည့် အခြေအနေ အောက်တွင် ရှိနေသည်ဟု အကြီးတန်း လုံခြုံရေးအရာရှိဖြစ်သူ၊ ဝန်ကြီးချုပ်၏ လုံခြုံရေး အကြံပေး ကူလ်ဒဗ်ဆင်း မှ စက်တင်ဘာ(၂၀)ရက်ကသတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ထောက်လှမ်းရေးသတင်းများအရ အဆိုပါ ကူကီးစစ်သွေးကြွများသည် စက်တင်ဘာ (၂၈)ရက်တွင် မဏိပူရပြည်နယ်အတွင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟုသိရသည်။

အဆိုပါ သတိပေးချက်သည် ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်စရာများတိုးမြင့်လာနေ သည့်အတွက် ပြည်နယ်အာဏာပိုင်များအနေဖြင့် ချက်ချင်း အရေးယူ ဆောင်ရွက်ရန်ကိုလည်း တိုက်တွန်း နှိုးဆော် ထားသည်။


အဆိုပါစစ်သွေးကြွများ စိမ့်ဝင်လာမှုနှင့်ပတ်သက်၍ အဆင့်မြင့်မဟာဗျူဟာ စစ်ဆင်ရေး အဖွဲ့ အစည်းအဝေးကို စက်တင်ဘာ(၁၈)ရက်က ခေါ်ယူခဲ့ပြီး တပ်မတော်၊ အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ဗဟိုအရန်ရဲတပ်ဖွဲ့ ၊ တို့ ထံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပေါင်းစပ် စုစည်းခဲ့သည်။ အကြမ်းဖက်မှုများ ဖြစ်လာနိုင်ခြေရှိသည့် နယ်စပ်ခရိုင်၊မြို့များအထူးသဖြင့် Pherzawl၊ Churachandpur နှင့် Kamjong တို့တွင် လုံခြုံရေးကို သိသိသာသာတိုးမြှင့်ထားကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့များသည် အကြမ်းဖက်မှုများကို ဟန့်တားရန်နှင့် ဒေသခံပြည်သူများ၏ ဘေးကင်း လုံခြုံရေးအတွက် စစ်သွေးကြွများ၏ လှုပ်ရှားလာနိုင်ဖွယ်ရှိသည့် နယ်မြေများကို သတိထား စောင့်ကြည့်လျက်ရှိသည်။

သိသာထင်ရှားသည့် လုပ်ဆောင်မှုတစ်ခုအဖြစ် မဏိပူရရဲတပ်ဖွဲ့သည် လက်နက်မှောင်ခိုလုပ်ငန်းကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။ Churachandpur ခရိုင် Samulamlan တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတစ်ခုအတွင်း ရဲတပ်ဖွဲ့သည် စစ်သွေးကြွအုပ်စုများ အတွက်ရည်ရွယ်သည့် ခေတ်မီ ဆန်းပြားလှသော လက်နက်၊ခဲယမ်း များ ကိုသိမ်းဆည်းရမိခဲ့သည်။

မဏိပူရပြည်နယ်၏ အခြေအနေသည် တင်းမာမှုများ မြင့်တက်လာနေသည့်အတွက် ပြည်သူများ အနေဖြင့် နိုးနိုးကြားကြားရှိကြရန် နှင့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို သတင်းပေး ပို့ကြရန် အာဏာပိုင်များကတိုက်တွန်းထားသည်။


စစ်သွေးကြွများနှင့် ပတ်သက်သည့် အချက်အလက်များကို ထောက်လှမ်းရေးအေဂျင်စီ အသီးသီး ထံသို့ ဖြန့်ဝေပေး ထားကြောင်းကူလ်ဒဗ်ဆင်း က စက်တင်ဘာ(၂၀)ရက်ကပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။

၂၀၂၃ ခုနှစ် မေလကတည်းက မဏိပူရ်ပြည်နယ်တွင် စီးပွားရေးအကျိုးအမြတ်များနှင့် ခွဲတမ်းဆိုင်ရာ အငြင်းပွားမှုများကြောင့် လူများစုဖြစ်သည့် Meitei နှင့် လူနည်းစုဖြစ်သည့် ကူကီး အသိုင်းအဝိုင်းများ အကြား အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။

“နယ်ခြားစောင့်ရဲတွေကို လည်း နိုးနိုးကြားကြားရှိကြဖို့ တပ်လှန့် သတိပေးထားပါတယ်။ စစ်ဆင်ရေးတွေလည်း လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မဏိပူရ်တောင်ပိုင်းတွင် နေထိုင်သော ကူကီးလူမျိုးများသည် မြန်မာနိုင်ငံရှိ ချင်းမျိုးနွယ်စုများနှင့် ကူးလူးဆက်နွယ်လျက်ရှိသည်။ Source/NewsX/Bangkok Post

ဆက်စပ် သတင်းများ