ကြာသပတေး၊ မေလ ၉ရက်၊ ၂၀၂၄

မြောက်ဦး ရှာရှည်ပြင်ကျေးရွာထဲ လက်နက်ကြီးကျည်ကျ၍ ကလေးငယ်သုံးဦးနှင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင် (လျှာရှည်ပြင်) ကျေးရွာထဲသို့ ယနေ့နံနက်က ဝင်ရောက်လာသည့် စစ်ကြောင်း တစ်ခုမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံး အိမ်ပေါ်ကျရောက်ပေါက်ကွဲပြီး ကလေးသုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဒဏ်ရာရရှိသွားကြောင်း ကျေးရွာသားများက ပြောကြားသည်။

ဒဏ်ရာရရှိသွားသူများမှာ ဌေးသန့်ကျော် (၁ဝ) နှစ် (ဘ) ဦးအောင်မြင့်နိုင်၊ မနှင်းနွယ်သန့်( ၁၃) နှစ် (ဘ) ဦးအောင်မြင့်နိုင်၊ မောင်အောင်ဖြိုးတင့် (၃) နှစ် (ဘ) ဦးအောင်ဆန်းဝင်း ၊ မသန်းညွှန့်ဌေး (၂၅) နှစ်(ဘ) ဦးအောင်စံချေ၊ မအေးကြည်ဋ္ဌေး(၂၂) (ဘ) ဦးအောင်စံချေ တို့ ဖြစ်ကြသည်။

ယနေ့နံနက် ၇ နာရီကျော်က တပ်မတော်စစ်ကြောင်း တစ်ခုသည် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ပြီး ရှာရှည်ပြင်ရွာအတွင်းသို့ ဝင်ရောက်လာကာ လက်နက်ကြီး ၄ လုံးပစ်ရာတွင် နောက်ဆုံးတစ်လုံးမှာ ဦးအောင်စံချေ အိမ်ထဲ တိုက်ရိုက် ထိမှန် ကျရောက် ပေါက်ကွဲရာမှ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း အိမ်ပိုင်ရှင်ဖြစ်သူ ဦးအောင်စံချေက ပြောကြားသည်။

“ ဒီနေ့ မနက် လင်းမြွေတောင်ကနေ စစ်ကြောင်း တစ်ခု ဆင်းလာပါတယ်။ ကျွန်တော်တို့ ရွာနားကိုရောက်တော့ စပါးသယ်နေတဲ့ အမျိုးသမီး ၅ ဦးက စစ်သားတွေကို မြင်တော့ ကြောက်ပြီး ထွက်ပြေးပါတယ်။ ဒါကို စစ်ကြောင်းက လိုက်ပစ်ပါတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်ပါတယ်။ လက်နက်ကြီးနဲ့ လေးလုံးပစ်ပါတယ်။ ကျွန်တော်တို့ မိသားစုတွေလည်း ပစ်သံကြားတော့ ကြောက်ပြီး  အိမ်အောက်မှာ ဝပ်နေကြပါတယ်။ မြေးတွေ အပါအဝင်ပါ။ အဲဒီအချိန်မှာ နောက်ဆုံး လက်နက်ကြီးကျည်က အိမ်ခေါင်းမိုးပေါ်ကို လာကျပါတယ်။ အိမ်ခေါင်းမိုးတစ်ခုလုံး ပွင့်ထွက်သွားပြီး ကျည်စတွေက လူကို လာထိမှန်ပါတယ်” ဟု ဦးအောင်စံချေက ပြောကြားသည်။ 

လက်နက်ကြီးကျည်စများမှာ ဦးခေါင်း၊ တင်ပါး၊ လက်မောင်းများတွင် ထိမှန်ခဲ့ပြီး ဒဏ်ရာရသူ ၅ ဦးစလုံးကို မြောက်ဦး မြို့နယ် တိမ်ညို တိုက်နယ်ဆေးရုံသို့ ယူဆောင်လာခဲ့ရသည်ဟု ၎င်းက ပြောသည်။

“ အခု တိမ်ညိုတိုက်နယ်ဆေးရုံက မြောက်ဦးဆေးရုံကို ယူပြီး ဓာတ်မှန်ရိုက်ရမယ်လို့ ပြောပါတယ်။ ဒါကြောင့် သူတို့ကို မြောက်ဦးဆေးရုံကို ယူဖို့ လုပ်ဆောင်နေပါတယ်။ စစ်တပ်က ရွာထဲကို ဝင်လာပြီး ရွာသားတွေကို စုခိုင်းခဲ့ပါတယ်။ အိမ်တွေကို တက်ရောက်ရှာဖွေပါတယ်။ ဒါကြောင့် ဆေးရုံသို့ ချက်ချင်း မယူဆောင်နိုင်ဘဲ တစ်နာရီ နှစ်နာရီလောက် စောင့်နေခဲ့ရပါတယ်။ အခု တစ်ခါ မြောက်ဦးကို ဓာတ်မှန်ရိုက်ဖို့ ယူရမယ်လို့ ပြောတဲ့အတွက် အထူး စိုးရိမ်မိပါတယ်” ဟု ဦးအောင်စံချေက ပြောကြားသည်။

ရှာရှည်ပြင် ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဦးအောင်စံချေအိမ်ထဲ လက်နက်ကြီးကျည်ကျ၍  ကလေးငယ် ၃ ဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိခြင်းကို အတည်ပြု ပြောကြားသည်။ ၎င်းပြင် ရွာသား ၄ ဦးကိုလည်း စစ်ကြောင်းက အတူ ခေါ်ယူသွားသည်ဟု ဆိုသည်။

ခေါ်ယူခံရသူများမှာ ဦးဖြူစိန်အောင် (၆၃) နှစ်၊ ဦးမောင်လှိုင်အေး (၆ဝ) နှစ်၊ ဦးအေးသန်းမောင် (၅၇)နှစ်နှင့် ဦးတင်စိုးနိုင် (၄၆) နှစ်တို့ ဖြစ်ကြောင်း၊ နေ့လယ် ၁၂ နာရီထိ ရွာသို့ ပြန်မရောက်သေးကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်သို့ ဆက်သွယ်ရာ ရွာသားများ သတင်းပို့၍ ကလေးငယ်များ အပါအဝင် ရွာသား ၅ ဦး ဒဏ်ရာရရှိသည်ဟု သိရှိရကြောင်း၊ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိဘဲ တစ်ဖက်သတ် ပစ်ခတ်ခဲ့သည်ဟု သိရှိရကြောင်း ပြောကြားသည်။ 

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ် မေးမြန်းရာ ၎င်းက “ ကျနော်တို့တပ်တွေက အဲဒီ ရှာရှည်ပြင်ရွာကို အဝင်မှာ AAက အဲဒီရွာထဲကနေပစ်တယ်။ ပစ်တဲ့အခါမှာ တပ်က ရွာထဲကိုဝင်ရှင်းတဲ့အခါ ရွာထဲမှာ ဘာလူမှမရှိဘူး။ အသက်ကြီးတဲ့လူတွေ ၁ဝယောက် ၁၅ယောက်လောက်ပဲရှိတယ်။ အဲဒါကြောင်းမို့ ဘာမှ မှန်စရာအကြောင်းလည်းမရှိဘူး။ကျနော်တို့က ရွာထဲကိုပစ်တာလည်းမဟုတ်ဘူး” ဟု ပြောသည်။

၎င်းပြင်ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ နောက်တခုက အဲဒီရွာထဲကိုရောက်တဲ့အခါမှာ လူငယ်တွေရော မိန်းမတွေရော အကုန်လုံး ဆိုင်ကယ်တွေ သုံးဘီးတွေနဲ့ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့အတွက်ကြောင်းမို့ အဲဒီရွာထဲမှာ ဒဏ်ရာရသွားတယ်ဆိုတဲ့လူတွေက AAကဘဲဖြစ်လိမ့်မယ်။ ရွာသားမဟုတ်ဘူး။ ခင်းဗျားတို့ရထားတဲ့သတင်းတွေ မှားနေတယ်။ ကျနော်တို့က ရွာထဲကို တစ်ချက်မှ မပစ်ဘူး။ ရွာထဲကိုဝင်ရှင်းတဲ့အချိန်မှာ ရွာထဲကခံပစ်တဲ့အကောင်တွေက  ဆိုင်ကယ်တွေ သုံးဘီးတွေနဲ့ ထွက်ပြေးတာ။ အဲဒါကိုနောက်က လိုက်ပစ်တာ ကျနော်တို့က အဲဒီမှာဒဏ်ရာရသွားတာ။ အဲဒါတာ ရွာသားမဟုတ်ဘူး AAတွေချည်းပဲ” ဟု ပြောဆိုသည်။

--------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၁ / ၂ဝ၁၉












ဆက်စပ် သတင်းများ