ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

အကြောင်းတရားသုံးခုကြောင့် တစ်ပတ်အတွင်း ရသေ့တောင်မြို့နယ်မှ လူသုံးသောင်းကျော်အိုးအိမ်စွန့်ခွာထွက်ပြေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 6.2k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇူလိုင် ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် တစ်ပတ်အတွင်း ဒေသခံပြည်သူ သုံးသောင်းကျော် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးကြခြင်းမှာ အကြောင်းတရားသုံးခုကြောင့် ဖြစ်ကြောင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။ 

၎င်းအကြောင်းတရားသုံးခုမှ ကျောက်တန်းနယ်မြေကို နယ်မြေရှင်းလင်းရေးလုပ်မည်ဆိုသည့် စာထွက်လာမှု၊ ကျေးရွာများအတွင်းသို့ အမြောက်ကျည်နှင့် လက်နက်ငယ်ကျည်များကျရောက်မှုနှင့် စစ်ကြောင်းများ ရွာထဲဝင်ရာတွင် သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်မှုတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဦးခင်မောင်လတ်သည် ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၆) ကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ 

 “အခု အိုးအိမ်စွန့်ခွာထွက်ပြေးသူ သုံးသောင်းကျော်သွားပြီ။ ထွက်ပြေးတဲ့ အကြောင်းတရားက သုံးခု လောက်ဖြစ်သွားတယ်။ တစ်ခုက နယ်မြေရှင်းလင်းရေးလုပ်မယ့် စာထွက်တဲ့ အကြောင်းတရား၊ ဒါကို ပြည်သူတွေက အထူးစိုးရိမ်တယ်။ ဒုတိယတစ်ခုက ရွာတွေမှာ အမြောက်ကျည်တို့၊ ဒီလို ကျည်ကျတာက တစ်ခု၊ တတိယ အကြောင်းအရင်းက သေနတ်ပစ်ဖောက်ပြီး စစ်ကြောင်းတွေ ရွာကို ဝင်တာက တစ်ခု။ ဒါကို ကြောက်ပြီး ဒေသခံ ကျေးရွာသားတွေက စစ်တွေမြို့၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့ပေါ်အပါအဝင် နီးစပ်ရာလုံခြုံမယ့် နေရာတွေကို ထွက်ပြေးကြတာ” ဟု ဦးခင်မောင်လတ်က ပြောသည်။

လွန်ခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က တပ်မတော်မှ ရသေ့တောင်မြို့နယ် ကျောက်တန်းဒေသအား နယ်မြေ ရှင်းလင်းရန် ကျေးရွာ လေးဆယ်ကျော်မှ အုပ်ချုပ်ရေးမှူးများအား စာထုတ်ပြန်ပေးပို့ခဲ့သည့် အတွက် ကျေးရွာပေါင်း ၂ဝ ကျော်မှ ရွာသားများ ထွက်ပြေးခဲ့ကြသလို စစ်ကြောင်းဝင်ရောက်သဖြင့် ကြိမ်သာကျေးရွာ အနီးတဝိုက်ရှိ ကျေးရွာ ခြောက်ရွာမှ လူများလည်း ထွက်ပြေးခဲ့ရကြောင်း၊ ရသေ့တောင်မြို့နယ် တောင်ပိုင်း မူစဲကမ်းဒေသမှ ကျေးရွာ လေးငါးရွာတို့မှာ ရွာလုံးကျွတ် ထွက်ပြေးနေကြခြင်းမှာ စစ်ကြောင်းများမှ သေနတ် ပစ်ဖောက်ပြီး ဝင်ရောက်လာသဖြင့် ထွက်ပြေးကြခြင်း ဟု ၎င်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရသေ့တောင်မြို့နယ် မူစဲကမ်း၊ရွှေလောင်းတင်ကျေးရွာမှ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးလာသည့် အသက် ၆၅ နှစ်အရွယ် ဒေါ်ဦးစောသိန်းက “ရွာကို စစ်သားတွေဝင်လို့ ထွက်ပြေးလာကြတာ။ သေနတ်ပစ်ပြီးဝင်လာတယ်။ ဒေါ်ကြီးက ခြေထောက်လည်း မကောင်းတော့ ပြေးလို့မရောက်ဘူး။ သမီးမိသားစုနဲ့ပြေးလာတာ။ လမ်းမှာ သေနတ်ပစ်လို့ ဝပ်နေခဲ့ရတယ်။ ကြောက်လို့ ပြေးလာတာ” ဟု သူမကပြောသည်။

ရသေ့တောင်မြို့နယ်မှ နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအား လိုက်ပါ ကူညီဆောင်ရွက် ပေးနေသူ ကိုကျော်မင်းခိုင်ကလည်း စစ်တွေမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် နှစ်ထောင်ကျော်အထိ ရှိလာနေကြောင်းပြောသည်။

“စစ်တွေကိုပြေးလာကြတာ နှစ်ထောင်ကျော်လောက်ရှိပြီ။ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်။ ကျောက်တန်း နယ်မြေရှင်းလင်းရေး စာထုတ်ပြီးနောက်ပိုင်း ထွက်ပြေးကြတာ နှစ်သောင်းကျော်လောက် ရှိနေကြပြီလို့ခန့်မှန်းရတယ်။ နယ်မြေရှင်းလင်းရေး လုပ်မယ့် စာကိုပြန်ရုပ်သိမ်းလိုက်တယ်လို့ ပြောပေမယ့် မီဒီယာအပေါ် ကြေညာလိုက်တာပဲရှိတယ်။ အဲဒီအပေါ်မှာ သက်ရောက်မှုက မြေပြင်မှာဖြစ်နေတာနဲ့ ကွဲလွဲ မှုတွေအများကြီးဖြစ်နေတယ်။ အစိုးရအနေနဲ့ လက်လွှတ်စပယ်လုပ်တာနဲ့တူတယ်” ဟု ကိုကျော်မင်းခိုင်က ပြောသည်။

နေရပ်စွန့်ခွာနေသူများသည် စစ်တွေနှင့် ရသေ့တောင်မြို့ပေါ်ကိုသာမက ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်အတွင်းသို့ပါ ထွက်ပြေးနေကြရကြောင်း ၄င်းကဆက်ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေအား ဖယ်ရှားပေးရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဇွန်လ ၂၄ ရက်နေ့ စာထုတ်ပြန်ပြီးနောက် ဇွန်လ ၂၇ ရက်နေ့တွင် အဆိုပါ ထုတ်ပြန်ချက်အာ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်းစာထုတ်ခဲ့သည်။

ယင်းထုတ်ပြန်ချက်အား ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း ဒေသခံများ အနေဖြင့် ကြောက်လန့် စိုးရိမ်မှု များကြောင့်  နေရပ်မပြန်ရဲဘဲ ဆက်လက်ထွက်ပြေးနေကြဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခုနစ်သောင်းနီးပါးရှိနေကြောင်း ရခိုင်တိုင်းရင်းသားများမျိုးနွယ်များအစည်းအရုံး(REC) ထုတ်ပြန်ထားသည်။


ဆက်စပ် သတင်းများ